အင်းတော်မြို့နယ်အတွင်း ဖြစ်ပွါးသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ဦးသေဆုံး

အင်းတော်မြို့နယ်အတွင်း ဖြစ်ပွါးသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ဦးသေဆုံး

ဇွန်လ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့ နံနက် ၉နာရီ၃၀မိနစ်ခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့ က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကသာတပ်ရင်း(၈၈)မှ စစ်ကောင်စီတပ်သား ၉၀ ကျော်မှာ အင်းတော်မြို့နယ်နှင့် ၁၀မိုင်အကွာရှိ မဲဇာရွာအုပ်စု ၊နန့်သဲကျေးရွာ ဘုန်းကြီးကျောင်းတွင် ဇွန်လ၁၀ ရက်က စတင်ကာ တပ်စွဲထားပြီး ယမန်နေ့ မနက်ပိုင်းတွင် စစ်ကြောင်းသုံးကြောင်းခွဲကာ အလယ်ဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုးလာချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"စခ(စစ်ကောင်စီတပ်ဖွဲ့)အင်အားက ၉၀ကျော်ရှိတယ် ။ အဲ့တာကို စစ်ကြောင်း သုံးကြောင်းခွဲလာတာ အခုဖြစ်တဲ့စစ်ကြောင်းက အင်အား၄၈ယောက်ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကြောင့် အဲ့အလယ်ဆိပ်ရွာနားက ပင်သချေရွာက အိမ်တစ်အိမ်တော့ ပျက်စီးသွားတယ်၊လူထိခိုက်မှုတော့ မရှိဘူး"ဟု Indaw Revolution IR အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ပွဲသည် လေးနာရီခန့်ကြာမြင့်ခဲ့ကာ စစ်ကောင်စီမှ ကိုးဦးသေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအား မည်သည့်နေရာသို့ သယ်ဆောင်သွားသည်ကို မသိရသေးပေ။

"စခ(စစ်ကောင်စီတပ်ဖွဲ့)တွေက အင်းတော်မြို့နယ်ထဲလာရင် သူတို့လာရာလမ်းတစ်လျှောက် တွေ့တဲ့ပြည်သူတွေကို ဖမ်းခေါ်လာပြီး သူတို့အထုတ်တွေသယ်ခိုင်းတာတွေရှိတယ် ။ မနေ့ကဆို ကမ်းနီရွာက ပြည်သူ၂၁ယောက်ကို ဖမ်းပြီး သူတို့အထုတ်တွေသယ်ခိုင်းတာ ကျောတွေကိုပေါက်လို့တဲ့"ဟု Indaw Revolution IR အဖွဲ့တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီမှ အင်းတော်မြို့နယ်အတွင်း အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး စစ်ကောင်စီယာဥ်တန်း လာရောက်ရန်ရှိသဖြင့် လုံခြုံရေးလာရောက်ယူခြင်း ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly