အာဖဂန်နစ္စတန် အစိုးရဟောင်းပြုတ်ကျခြင်းနှင့်အတူ ဒေါ်လာသန်းပေါင်းများစွာ ပျောက်ဆုံးနေကြောင်း စောင့်ကြည့်အဖွဲ့ ပြော

By The Washington Post
14 June 2022
အာဖဂန်နစ္စတန် အစိုးရဟောင်းပြုတ်ကျခြင်းနှင့်အတူ ဒေါ်လာသန်းပေါင်းများစွာ ပျောက်ဆုံးနေကြောင်း စောင့်ကြည့်အဖွဲ့ ပြော

အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လလယ်က တာလီဘန်တို့ အာဏာလွှဲပြောင်းရယူစဉ်အတွင်း အာဖဂန်အစိုးရ ဘဏ်အကောင့်များမှ ဒေါ်လာသန်းပေါင်းများစွာ ပျောက်ဆုံးသွားခဲ့သည်ဟု ဇွန် ၆ ရက်က ထုတ်ပြန်သည့် အမေရိကန်အစိုးရ စောင့်ကြည်အဖွဲ့တစ်ခု၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားရာ ယခင်အာဖဂန်အစိုးရနှင့် စစ်တပ်ပြိုလဲမှုကို အသေးစိတ်ထုတ်ဖော်သည့် ဖြစ်ရပ်များအနက် နောက်ဆုံး ထွက်ပေါ်လာသည့် ကိစ္စလည်း ဖြစ်သည်။
 
အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အထူး စုံစမ်းရေးအရာရှိများ အဖွဲ့ (SIGAR) ၏ အကဲဖြတ်ချက်တွင် ယခင်အာဖဂန်အစိုးရတာဝန်ရှိသူများ နိုင်ငံကနေ ထွက်ပြေးစဉ် ဒေါ်လာ သန်းဆယ် ဂဏန်း ခန့်မျှ ကို ၎င်းတို့နှင့်တစ်ပါတည်း ယူသွားကြသည် ဆိုသော စွပ်စွဲချက်များကို စူးစမ်းစစ်ဆေးထားခဲ့သည်။ တာလီဘန် တိုက်ခိုက်ရေးသမားများ ကဘူးလ်မြို့ထဲ ဝင်လာချိန် ယခင်အာဖဂန်သမ္မတဟောင်း အာရှ်ရက်ဖ် ဂါနီသည် ၎င်းနှင့် ၎င်း၏ အနီးကပ်လက်ထောက်များ နိုင်ငံမှ ထွက်ပြေးရာတွင် အသုံးပြုခဲ့သည့် ရဟတ်ယာဉ်များပေါ်သို့ ဒေါ်လာ သန်းပေါင်းများစွာ တင်ပြီးယူသွားခဲ့သည် ဆိုပြီး စွပ်စွဲခံခဲ့ရသည်။

အာဖဂန်နစ္စတန်ကို တာလီဘန်တို့ လျင်လျင်မြန်မြန် ထိန်းချုပ်သွားနိုင်ခဲ့ပြီးနောက် သမ္မတဟောင်း ဂါနီသည် နိုင်ငံမှ ထွက်ပြေးစဉ် အစိုးရဘဏ္ဍာငွေ ဒေါ်လာ သန်း ၁၅၀ ကျော် ခိုးယူသွားခဲ့သည်ဆိုပြီး ရေးသားထားသည့် မီဒီယာသတင်းဖော်ပြချက်များ ထွက်ပေါ်ခဲ့သည်။ ယင်းသည် နိုင်ငံကနေ ထွက်ပြေးသွားသည့် ခေါင်းဆောင်ဟောင်းနှင့်ပတ်သက်ပြီး အများပြည်သူ အမျက်ဒေါသများကို ပိုမို ကြီးထွားစေခဲ့သည်။ ဂါနီ နိုင်ငံမှ ထွက်ခွာသွားမှုက တာလီဘန်တပ်ဖွဲ့များ ကဘူးလ်မြို့ထဲ လမ်းလျှောက်ဝင်လာနိုင်ပြီး နိုင်ငံကို အပြည့်အဝ ထိန်းချုပ်နိုင်ခွင့် ရသွားစေသည့် အဆုံးအဖြတ် အခိုက်အတန့် ဖြစ်သည်ဟု လူအများအပြားက ရှုမြင်ကြသည်။

ထိုပြင် ဂါနီသည် ဒေါ်လာသန်းပေါင်းများစွာ ခိုးယူသွားသည် ဆိုသည်မှာ “ဖြစ်နိုင်ဖွယ်ရာ မရှိ” ဟု SIGAR က သုံးသပ်တွေ့ရှိထားသည်။ သို့သော်လည်း အာဖဂန်သမ္မတဟောင်းသည် ငွေသားတစ်ချို့နှင့်အတူ နိုင်ငံကနေ ထွက်သွားခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ပြောသည်။ “အဲဒီ ကိန်းဂဏန်းက ဒေါ်လာ ၁ သန်း မကျော်ဘဲ ဖြစ်နိုင်ခြေ အများဆုံးကတော့ ဒေါ်လာ ငါးသိန်းလောက်ပဲ ဆိုတာကို သက်သေအထောက်အထားတွေက ပြသနေပါတယ်” ဟု SIGAR က ပြောသည်။

“အဲဒီအချိန်မှာက အားလုံးရဲ့ အိတ်တွေထဲမှာ ဒေါ်လာ ၅၀၀၀ ကနေ ၁၀၀၀၀ လောက်အထိတော့ ရှိနေခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်သူ့ဆီမှာမှ ဒေါ်လာသန်းချီ ရှိမနေခဲ့ပါဘူး” ဟု ရဟတ်ယာဉ်များဖြင့် ဂါနီနှင့်အတူ ထွက်ပြေးရာတွင် ပါဝင်ခဲ့သည့် အာဖဂန် အကြီးတန်းအရာရှိဟောင်းတစ်ဦးက ပြောကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ အများပြည်သူသို့ ထုတ်ဖော်ပြန်ပေးသည့် အကဲဖြတ်ချက်တွင် အဆိုပါအရာရှိ၏ အမည်ကို မဖော်ပြခဲ့ပေ။ ခိုးယူမှု စွဲချက်များကို ဂါနီက ထပ်တလဲလဲ ငြင်းဆန်ထားသည်။

သမ္မတဟောင်းဂါနီ နိုင်ငံကနေ ထွက်ပြေးစဉ် ဒေါ်လာသန်းပေါင်းများစွာ ခိုးယူသွားသည် ဆိုသည်မှာ ဖြစ်နိုင်ခြေ မရှိ ဆိုပြီး SIGAR က သုံးသပ်တွေ့ရှိထားသည့် အကြောင်းရင်းများထဲတွင် အာဖဂန်သမ္မတအိမ်တော်၌ ဂါနီရှိနေခဲ့သည့် နောက်ဆုံးအချိန်နာရီများ၏ အသေးစိတ်အချက်များ ပါဝင်နေသည်။ ဂါနီ ထွက်ခွာရမှုက ရုတ်တရက် ချက်ချင်းကြီးဆိုသလို ထွက်ခွာခဲ့ရမှု ဖြစ်သည့်အတွက် ၎င်း သို့မဟုတ် ၎င်း၏ လက်ထောက်များအနေဖြင့် ငွေသားအများအပြားကို ယူရန် အချိန်မရခဲ့ဟု SIGAR က သုံးသပ်သည်။

ဒေါ်လာသန်း ၁၅၀ ကျော် ပမာဏရှိသည့် ဒေါ်လာငွေစက္ကူရာချီတို့သည် ဖုံးကွယ်သယ်ဆောင်ရန် ခက်ခဲပြီး ယင်းငွေများကို ဆင့်စီပုံလိုက်မည်ဆိုပါက စံသတ်မှတ်ချက် အမေရိကန် ၃ယောက်ထိုင် ဆိုဖာတစ်လုံးထက်ပင် ပိုမိုကြီးမားနေလိမ့်မည်ဟု အစီရင်ခံစာက အကဲဖြတ်သည်။

ဂါနီ အပြင် ၎င်းနှင့်အတူ အာဖဂန်ကနေ ထွက်ပြေးခဲ့သူ အများအပြားသည် ယူအေအီးတွင် နေထိုင်နေကြပြီး ယူအေအီးသည် ၎င်းနှင့် ၎င်း၏ မိသားစုကို လူသားချင်းစာနာမှု အကြောင်းရင်းများဖြင့် လက်ခံခဲ့သည်။

သို့သော် ဒေါ်လာ သန်းဆယ်ဂဏန်းရှိ ငွေပမာဏများစွာတို့သည် ပျောက်နေဆဲဖြစ်သည်။ အာဖဂန် သမ္မတအိမ်တော်မှ ဒေါ်လာ ၅ သန်း ထုတ်ယူထားသည် ဆိုသည်နှင့် အာဖဂန်အစိုးရဟောင်း၏ အဓိကထောက်လှမ်းရေးအေဂျင်စီဖြစ်သည့် အမျိုးသားလုံခြုံရေး ညွှန်ကြားမှုဦးစီးဌာန အလုံတိုက်ခန်းမှ ဒေါ်လာ သန်းပေါင်းဆယ်ဂဏန်းနှင့်ချီ ထုတ်ယူထားခဲ့သည် ဆိုသည့် သက်သေအထောက်အထားများကို SIGAR က တွေ့ရှိခဲ့သည်။ ထိုငွေကြေးများကို အစိုးရတာဝန်ရှိသူများက နိုင်ငံကနေ ပြောင်းရွှေ့ခဲ့သလား ဆိုသည်ကို စုံစမ်းစစ်ဆေးမှုတွင် စူးစမ်းစစ်ဆေးနိုင်ခြင်း မရှိသေးပေ။

“အရင်အာဖဂန်အစိုးရရဲ့ နောက်ဆုံးနေ့ရက်တွေနဲ့ပတ်သက်တဲ့ အစိုးရမှတ်တမ်းတွေနဲ့ ထောက်လှမ်းစောင့်ကြည့်ရေး ဗီဒီယိုတွေက တာလီဘန်တွေ လက်ထဲမှာ ရှိနေဖွယ် ရှိပါတယ်။ ငွေပမာဏ ဘယ်လောက် ခိုးယူခံရသလဲ ဆိုတာနဲ့ ဘယ်သူတွေက ယူသွားသလဲ ဆိုတာကိုတော့ SIGAR အနေနဲ့ ခုလောလောဆယ်မှာ ‌စစ်ဆေးတွက်ဆနိုင်တာမျိုး မရှိပါဘူး” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

တာလီဘန် စစ်သွေးကြွ တိုက်ဖျက်မှုအတွက် ငွေကြေးထောက်ပံ့ရေး၊ ပြည်တွင်းပါဝါပွဲစားများနှင့် အစုအဖွဲ့များ ကို ထောက်ပံ့ရေး ကဲ့သို့ကိစ္စရပ်များအတွက် လိုအပ်လျင် လိုအပ်သလို သုံးရန် အာဖဂန် ထောက်လှမ်းရေး အေဂျင်စီ၏ လက်ထဲတွင် ရှိခဲ့သည့် ခန့်မှန်းခြေ ငွေသားဒေါ်လာ သန်း ၇၀ ခန့်သည် SIGAR က စုံစမ်းစစ်ဆေး နေသည့် အကြီးဆုံးဘတ်ဂျက်များအနက် တစ်ခုဖြစ်သည်။ ဩဂုတ် ၁၅  ရက်က တာလီဘန်တို့ ယင်းအေဂျင်စီ၏ အလုံပိတ်ခန်းသို့ ရောက်ရှိခဲ့ချိန် အာဖဂန်ငွေ အနည်းငယ်မျှသာ ကျန်ရှိနေကြောင်း အကြီးတန်းအရာရှိဟောင်း တစ်ဦးက SIGAR ကို ပြောသည်။

ခိုးယူခံရသော အာဖဂန် ပိုင်ဆိုင်မှုငွေကြေးများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ဆက်လုပ်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly