တရုတ်သမ္မတက စီချွမ်ပြည်နယ်တွင် ဒေသခံများနှင့် မျက်နှာဖုံး မတပ်ဘဲ တွေ့ဆုံ

တရုတ်သမ္မတက စီချွမ်ပြည်နယ်တွင် ဒေသခံများနှင့် မျက်နှာဖုံး မတပ်ဘဲ တွေ့ဆုံ

တရုတ်သမ္မတ ရှီကျင့်ဖျင်က ရှန်ဟိုင်းတွင် တင်းကျပ်သောကိုဗစ်-၁၉ အစီအမံများကိုအကောင်အထည်ဖော်ရန် ဖိအားပေးနေသော်လည်း နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်သို့ သွားရောက်ချိန်တွင် မျက်နှာဖုံး မတပ်ဘဲ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။

ရှန်ဟိုင်းမြို့ဆင်ခြေဖုံးရပ်ကွက်မင်းဟန်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု စိုးရိမ်စရာအခြေအနေ ထပ်မံဖြစ်ပေါ်လာခြင်းကြောင့် တရုတ်အစိုးရက အသွားအလာ ကန့်သတ်ချက်များကို အမိန့်ထုတ်ထားသည်။

သမ္မတရှီကျင့်ဖျင် ဇွန်လ ၈ရက်က စီချွမ်းပြည်နယ်၊ မိန်ရှန်းသို့ သွားရောက်စဉ် လှည့်လည်ကြည့်ရှု စစ်ဆေးချိန်အတွင်း သမ္မတနှင့် လိုက်ပါလာသူ အရာရှိကြီးများက မျက်နှာဖုံးများ မဝတ်ဆင်ထားကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။

အချို့ရုံးတွင်းကိစ္စများဆောင်ရွက်ချိန်တွင်သာ ဒေသဆိုင်ရာ အရာရှိများ သို့မဟုတ် လူများက နှာခေါင်းစည်းများ ဝတ်ဆင်ကြသည်။

ရှီကျင့်ဖျင်သည် ဒေသခံပြည်သူများနှင့် တွေ့ဆုံသောအခါတွင် လူများကို စက်ဝိုင်းပုံသဏ္ဍာထားရှိပြီး ယခင်ပုံစံ အတိုင်း ရှီကျင့်ဖျင်သည် စက်ဝိုင်းအလယ်တွင် ရပ်ကာ ခပ်လှမ်းလှမ်းမှနေ၍ လူအများကို မိန့်ခွန်းပြောကြား ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ဖော်ပြထားသည်။

ရှီ၏ စစ်ဆေးရေးခရီးစဉ်တွင် နောက်ထပ်စိတ်ဝင်စားဖွယ်ကောင်းသော အချက်တစ်ခုမှာ တရားဝင် မီဒီယာများ ဖော်ပြချက်များအရ 'လယ်ယာမြေပြုပြင်ခြင်း၊ အစားအစာထုတ်လုပ်ခြင်း' နှင့် 'ကျေးလက် ပြန်လည် ထူထောင် ရေး' နေရာများကို သွားရောက်ခဲ့ပြီးနောက်မှသာ 'ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး' နေရာကို သွားရောက်ခဲ့ခြင်းဖြစ်သည်။ 

စစ်ဆေးမှုအတွင်း ဒေသနှင့် ဌာနအားလုံးသည် တည်ငြိမ်ပြီး ကျန်းမာသော စီးပွားရေးပတ်ဝန်းကျင်၊ တည်ငြိမ် သော လူမှုပတ်ဝန်းကျင်နှင့် သန့်ရှင်းသောနိုင်ငံရေးပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ကြိုးပမ်းရမည်ဟု ရှီက မှာကြားခဲ့သည်။

စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးတို့ကို ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် လက်ရှိကြုံတွေ့နေရသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများကို ပြတ်ပြတ်သားသား ကျော်လွှားရန် ရှီက တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly