တူမီးထီ အပတ်စဉ်(၁)မှရရှိလာသည့် ရန်ပုံငွေအား ချင်းကာကွယ်ရေးအဖွဲ့ ၂ ဖွဲ့သို့ ပေးအပ်

တူမီးထီ အပတ်စဉ်(၁)မှရရှိလာသည့် ရန်ပုံငွေအား ချင်းကာကွယ်ရေးအဖွဲ့ ၂ ဖွဲ့သို့ ပေးအပ်

ဇွန် ၁၄

ချင်းအမျိုးသားများတော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်နိုင်ရန်ဖွင့်လှစ်လိုက်သည့် တူမီးထီတွင် အပတ်စဉ်(၁)မှရရှိလာသည့်ရန်ပုံငွေအား ချင်းကာကွယ်ရေးအဖွဲ့အစည်းနှစ်ခုထံ ပေးအပ်လိုက်ကြောင်း Chin Relief Funding Program(CRFP) မှ ဇွန်လ ၁၂ရက်နေ့တွင် ထုတ်ပြန်သည်။

လှူဒါန်းလိုက်သည့်အဖွဲ့အစည်းနှစ်ခုမှာ ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ CJDC အား ဒေါ်လာ ၁,၀၀၀ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(အရှို) ACDF သို့ ဒေါ်လာ ၁၆၀ တို့အားပေးအပ်ခဲ့ကြောင်းသိရသည်။

CJDC တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ ပူးပေါင်းပါဝင်သဖြင့် ၎င်းကော်မတီအား ကူညီခြင်းအားဖြင့် အဖွဲ့များစွာကူညီရာရောက်ကြောင်း၊ ၎င်းအပြင် ချင်းတော်လှန်ရေးအဖွဲ့များအတွက် ရည်ရွယ်ခြင်းဖြစ်၍ မြေပြင်တွင် ပိုမိုခက်ခဲပြီးတိုက်ပွဲများစွာဖြစ်ပွားနေသော မကွေးတိုင်းအတွင်းရှိ အရှိုချင်းအဖွဲ့အားရွေးချယ် ခြင်းဖြစ်ကြောင်း သိရသည်။

တူမီးထီ အမှတ်စဉ်(၁)တွင် ရောင်းရငွေစုစုပေါင်း ဒေါ်လာ ၁,၈၇၅ ရရှိခဲ့ပြီး ဖက်ဒရယ်ဘဏ္ဍာရေးစနစ် ဖော်ဆောင်ရင်း တော်လှန်ရေးအတွက် ရန်ပုံငွေအားဖြည့်သည်ဆိုသည့်ယုံကြည်ချက်ဖြင့် တူမီးထီကိုအား ပေးကံစမ်းကြသော နိုင်ငံအသီးသီးမှဝယ်ယူအားပေးသူများကို အထူးကျေးဇူးတင်ကြောင်း CRFP မှ ဆိုသည်။

“အခုနောက်ဆုံးအခြေအနေအရ အပတ်စဉ်(၁)ထက်တော့ ရောင်းအားပိုလာတယ်လို့သိရပါတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေတွေက လိုအပ်ချက်တွေများတဲ့အတွက် ဒီထက်ပိုပြီး ဝိုင်းဝန်းပေးကြပါလို့ မေတ္တာရပ်ခံ လိုပါတယ်” ဟု CRFP တာဝန်ရှိသူ တစ်ဉီး မှ မဇ္စျိမကိုပြောသည်။

ပထမအပတ်စဉ်မှ ဆုပေါက်ထားသောသူများမှလည်း ထီလက်မှတ်များအား ပြန်လည်ဝယ်ယူသွားကြ မည်ဖြစ်ကြောင်းဆိုသည်။

တူမီးထီ အမှတ်စဉ်(၁) ပထမဆု ဒေါ်လာ ၁၀၀၀ ဆု ကံထူးရှင်မှာ စင်္ကာပူနိုင်ငံမှ Naa Nu ဖြစ်ပြီး ၎င်းမှ ချင်းတော်လှန်ရေးရန်ပုံငွေအဖြစ် ဒေါ်လာ ၃၀၀ ပြန်လည် လှူဒါန်းသွားကြောင်း သိရသည်။

ဒုတိယဆု ဒေါ်လာ ၃၀၀ ဆုအား အမေရိကန်တွင်နေထိုင်သူမှ ဆွတ်ခူးသွားပြီး တတိယဆု ဒေါ်လာ ၂၅၀ အား ဘယ်ဂျီယံတွင်နေထိုင်သူနှင့် စတုတ္ထဆုနှင့် ပဉ္စမဆု ဒေါ်လာ ၂၀၀ နှင့် ၁၂၅ တို့အား မလေးရှားနိုင်ငံရှိ We Love Motherland-MM(Malaysia) မှ ဆုများပေါက်ခဲ့ကြကြောင်း ဖော်ပြထားသည်။

တူမီးထီအပတ်စဉ်(၂)အတွက် လက်မှတ်များရောင်းချလျက်ရှိနေပြီး တော်လှန်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့်ပါဝင်နိုင်ရန် Website(သို့မဟုတ်) Phone Application မှတစ်ဆင့် လက်မှတ်တစ် စောင်လျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာဖြင့် ကံစမ်းနိုင်ကြပြီး ဇွန်လ ၃၀ ရက်နေ့တွင် ထီဖွင့်မည်ဖြစ် ကြောင်း CRFP မှ ထုတ်ပြန်ထားသည်။

#Mizzima

#တူမီးထီ

#ChinReliefFundingProgram

#CJDC

#ACDF

#ချင်းအမျိုးသားများတော်လှန်ရေး

#ဘဏ္ဍာငွေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly