နှစ်နိုင်ငံဆက်ဆံရေးနက်ရှိုင်းလာသည့် ရုရှားနှင့်တရုတ်တို့အကြား နယ်စပ်ဖြတ်ကျော် တံတားဖွင့်လှစ်

By Aljazeera
13 June 2022
နှစ်နိုင်ငံဆက်ဆံရေးနက်ရှိုင်းလာသည့် ရုရှားနှင့်တရုတ်တို့အကြား နယ်စပ်ဖြတ်ကျော် တံတားဖွင့်လှစ်

ရုရှားသည် ယူကရိန်းကိုကျူးကျော်လိုက်သဖြင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကို ခံနေရကာ မလှုပ်သာမလှည့်သာဖြစ်နေချိန်တွင် ရုရှားနှင့် တရုတ်တို့သည် အရှေ့ဖျားတွင် နယ်စပ်ဖြတ်ကျော်တံတားသစ်ကို ဖွင့်လှစ်လိုက်သဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုအားကောင်းလာရန် မျှော်လင့်ထားသည်။

အရှည် ၁ ကီလိုမီတာရှိသည့် တံတားသည် အမ်မာမြစ်ကိုဖြတ်လျက် ရုရှားမြို့ ဘလာဂိုဗက်ရှ်ချန့်စ်နှင့် တရုတ်နိုင်ငံရှိ ဟဲဟီမြို့ကို ဆက်သွယ်ထားကာ ရုရှားရူဘယ် ၁၉ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၃၄၂ သန်း) ကုန်ကျခဲ့သည်ဟု RIA သတင်းဌာန ဇွန် ၁၀ ရက်က ဖော်ပြထားသည်။

ရုရှားသမ္မတဗလာဒီမာပူတင်သည် တပ်ဖွဲ့များအား ယူကရိန်းသို့မပို့ဆောင်မီ ရုရှားအာဏာပိုင်များက တရုတ်သည် ကန့်သတ်ချက်မရှိသော မိတ်ဖက်ဟု ဖေဖော်ဝါရီလက ကြေညာပြီးနောက် ရုရှားနှင့်တရုတ်သည် နယ်စပ် တံတားမှ တစ်ဆင့် ကုန်သွယ်မှုမြှင့်တင်ခြင်းဖြင့် ပိုမိုနီးကပ်လာလိမ့်မည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် နယ်ပယ်အားလုံးတွင် ရုရှားနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်နက်နဲနဲ လုပ်ဆောင်လိုကြောင်း တရုတ်ဒုတိယဝန်ကြီးချုပ် ဟူချန်းဟွာက တံတားဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါတံတားကို ၂၀၁၆ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ခုနှစ် မေလတွင် ပြီးစီးခဲ့သည်။ သို့သော် နယ်စပ်ဖြတ်ကျော် ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် ဖွင့်လှစ်ရန် နှောင့်နှေးခဲ့ကြောင်း ရုရှားမှ တံတားတည်ဆောက်ရေးကုမ္ပဏီ BTS-MOST က ပြောသည်။

တရုတ်ကုန်စည်များကို အနောက်ရုရှားသို့ ပို့ဆောင်ရာတွင် အဆိုပါတံတားကို အသုံးပြုခြင်းဖြင့် ခရီးအကွာအဝေး ၁ ၅၀၀ ကီလိုမီတာ (၉၃၀မိုင်) သက်သာစေမည်ဟု BTS-MOST က ဆိုသည်။

ရုရှားက တရုတ်နှင့်ကုန်စည်စီးဆင်းမှုသည် တိုးလာကာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံခန့် ရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သည် ရုရှားနိုင်ငံမှ သဘာဝအရင်းအမြစ်များနှင့် စိုက်ပျိုးရေးထွက်ကုန်များကို အဓိက ဝယ်ယူသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly