ဧရာဝတီမြစ်အောက်ဘက်မှ အထက်ဘက်သို့ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ရှစ်စီးအား ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ရှစ်ဦးသေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဇွန်လ ၁၃ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ဆီတင်သင်္ဘောခုနစ်စီးနှင့် စစ်သင်္ဘောတစ်စီးအား ဆီမီးခုံရေနက်ဆိပ်ကမ်းမှ စစ်ကောင်စီမှ မော်တော်ဘုတ် နှစ်စီးက လမ်းကြောင်းရှင်းကာ သွားရောက်ဆီးကြိုခဲ့ကြသည်။
၎င်းတို့ဖြတ်သန်းရာ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်သွားပြီးနောက် သင်္ဘောအားလုံးစုစည်းကာ မြစ်အထက်သို့ဆန်တက်လာကြောင်း သိရသည်။
ထိုအချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့များက မြောင်မြို့နယ်ရှိ ပန်းညိုနှင့် ညောက်ကားယားကျေးရွာကြား မြစ်ကမ်းနံဘေးမှ စနိုက်ပါဖြင့်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း CDSOM အဖွဲ့က ဆိုသည်။
“ ပထမတစ်ကြောင်းက စနိုက်ပါနဲ့ချောင်းပစ်တာ နှစ်ယောက်ကျတယ်။ နောက်ဆုံးအစီးလောက်ကိုပစ်တာ။ သင်္ဘောတိုင်းပေါ်မှာက လုံခြုံရေးကပါတယ်။ သူတို့ဘက်ကလည်း တောက်လျှောက် သင်္ဘောပေါ်မှာပါတဲ့ စနိုက်ပါတွေနဲ့ ပြန်ပစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း အကုန်လုံးဝပ်နေပြီးတော့ သင်္ဘောတွေရဲ့အထက်ကို နေရာထပ်ရွှေ့ ထပ်စောင့်ပြီး ပြန်တိုက်တာပေါ့ ” ဟု CDSOM ဦးဆောင်သူ ကိုနွေဦးက ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်သား ၁၀ ဦးခန့် လိုက်ပါလာသည့် စစ်သင်္ဘောအား အီနာဂါဗုံးကို ဒရုန်းတွင်ချိန်ဆွဲကာ ပစ်ချတိုက်ခိုက်ခဲ့သည်။ သင်္ဘောအား တည့်တည့်ထိမှန်ကာ ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“ ဆီမီးခုံရေနက်ဆိပ်ကမ်းမျက်စောင်းထိုးလောက်မှာပစ်တာ။ ကုန်းဘက်ပေါ်ရပ်နေတဲ့ အနောက်တစ်ယောက် အရှေ့တစ်ယောက်ပဲ လွတ်တာ။ ကျန်တဲ့သူတွေပြန်ထွက်လာတာကို မတွေ့ရတော့ဘူး။ အနည်းဆုံး ခြောက်ယောက်ကတော့ အဲ့ထဲမှာပဲ သေမှာ ” ဟု ကိုနွေဦးက ဆက်ပြောပြသည်။
မူလက ဆီသင်္ဘောများကို ဖျက်ဆီးတိုက်ခိုက်ရန် ရည်ရွယ်ခဲ့သော်လည်း ဆီသင်္ဘောမီးလောင်ပြီး မြစ်ကြောင်းအတွင်းမျောပါလျှင် မြစ်ကမ်းဘေးရှိရွာများ မီးလောင်ကုန်မည်စိုး၍ စစ်သင်္ဘောကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ဘက်ကထုတ်ပြန်ထားသည်။
ယင်းစစ်ဆင်ရေးနှစ်ခုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM၊ PDF Taloke၊ ပြည်သူ့တပ်မတော် (မြောင်)- MUA၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁၊၂ မှ တပ်ခွဲ ၃၊ MGN Ranger၊ MGN Tiger၊ CRF မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့၊ Young Fighter People’s Defence Force၊ Chaung U Revolution Army၊ မြောင်အမျိုးသမီးစစ်သည်တော်များတပ်ရင်း စသည့်မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ၎င်းစစ်သင်္ဘောများမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ဆန်တက်ရင်း မြောင်နယ်ထဲမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိရသည်။
#စစ်သင်္ဘော
#မြောင်မြို့နယ်
#CDSOM
#ဆီသင်္ဘော
#ဗုံးဖြင့်တိုက်ခိုက်
#စနှိုက်ပါ
#ဧရာဝတီမြစ်
#စစ်ကောင်စီတပ်