ပုသိမ်မြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ချ

ပုသိမ်မြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ချ

ဇွန် ၁၃

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ပုသိမ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဝင်းထွန်းနိုင်ကို စစ်ကောင်စီလက်အောက်ခံ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။

ဇွန်လ ၇ နေ့ မနက်ပိုင်းက ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၂၇ နေ့ကလည်း သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သေးသည်ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ကိုဝင်းထွန်းနိုင်ကို စစ်ကောင်စီက တရားစွဲထားတာ စုစုပေါင်းခြောက်မှု လောက်ရှိတယ်။လက်ရှိကတော့ နှစ်မှုစစ်ဆေးပြီး ထောင် ခုနစ် နှစ် အမိန့်ချခံရတာပါ။ ၅၀၅(က) ၊ ၁၂၂ ၊၁၂၄ နဲ့ ပုဒ်မ ၃၃၂ အမှုတွေကိုလည်း ဆက်ပြီး ရုံးထုတ်စစ်ဆေးနေတယ်"ဟု ၎င်းက ဆိုသည်။

ကိုဝင်းထွန်းနိုင်သည် ပုသိမ်မြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်များနှင့် ရဲများက လိုက်လံဖမ်းဆီးနေသည့်အတွက် ရှောင်တိမ်းနေရာက ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်ကြောရေးတွင် စစ်အုပ်စုနှင့် ရဲများ၏ ရိုက်နှက်စစ်ဆေးမှုများကို ခံခဲ့ရသည့် ကိုဝင်းထွန်းနိုင်အား ပုသိမ်အကျဥ်းထောင်သို့ ပို့ဆောင်ကာ အမှုကြီးများတပ်၍ တရား စွဲဆိုထားခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဥ်းထောင်တွင် မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဥ်းသား ၃၀၀ ကျော်နှင့် နိုင်ငံရေး အကျဥ်းသူ ၅၀ နီးပါး ရှိနေသည်ဟုသိရပြီး ထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့သူ ၁၀၀ ကျော်ခန့်ရှိကြောင်း ပုသိမ်အကျဉ်းထောင်ဝန်ထမ်းများထံက သိရသည်။

#mizzima

#ပုသိမ်မြို့

#နိုင်ငံရေးတက်ကြွလှုပ်ရှားသူ

#ထောင်တွင်းတရားရုံး

#ထောင်ဒဏ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required