မြဝတီမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးရှေ့ ဗုံးပေါက်ကွဲ လူထိခိုက်မှုမရှိ

မြဝတီမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးရှေ့ ဗုံးပေါက်ကွဲ လူထိခိုက်မှုမရှိ

ဇွန်လ ၁၂ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြဝတီမြို့ ဈေးကြီးလမ်းမနှင့် မွန်ကျောင်းလမ်းထောင့်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံး ခြံစည်းရိုးရှေ့တွင် ဇွန်လ၁၁ရက်နေ့ ည၁၀နာရီခွဲအချိန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ဗုံးပေါက်တာ အသံလည်းကျယ်တယ် ။ မြေပါတုန်တယ် ။ ဟိုတခါ အမှတ် (၁) တံတားပေါက်သလိုမျိုးပေါက်တာ အတော်ကြီးကြမ်းတယ် ။ လူထိခိုက်တာတော့ မကြားမိသေးဘူး ။ ဒီနေ့မနက်တော့ အပျက်အစီးတွေ လာရှင်းနေတယ် ။ မနက်ကတည်းက စစ်တပ်နဲ့ BGFတွေ ခြေရှုပ်နေကျတယ်”ဟု မြဝတီဒေသခံတစ်ဦးက ပြောသည်။

ဗုံပေါက်ကွဲမှုကြောင့် ဆိုင်ခန်းများ၊ခြံစည်းရိုးများ ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။ ဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း မသိရှိရသေးပေ။

ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ရပ်ကွက်အချို့ကို ဧည့်စာရင်းဝင်ရောက်စစ်ဆေးခြင်းများ စစ်ကောင်စီနှင့်BGFတို့ ပြုလုပ်ခဲ့ကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြဝတီမြို့တွင် အကြိမ်၂၀နီးပါး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းသို့ဖြစ်ပွါးခဲ့သည့် ပေါက်ကွဲမှုများတွင် လူထိခိုက်သေဆုံးမှုမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly