ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများကို သေဒဏ်စီရင်မည့် အစီအစဉ် စစ်ကောင်စီ စွန့်ပယ်သင့်

ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများကို သေဒဏ်စီရင်မည့် အစီအစဉ် စစ်ကောင်စီ စွန့်ပယ်သင့်

ဇွန်လ ၁၂ ရက်

မဇ္စျိမ အယ်ဒီတာ့အာဘော်

စစ်အာဏာသိမ်းမှု ဆန့်ကျင်သော တက်ကြွလှုပ်ရှားသူများကို သေဒဏ်ချမှတ်၊ ကွပ်မျက်မည့် အစီအစဉ်များကို ဆက်လုပ်သွားမည်ဆိုပြီး မြန်မာအာဏာသိမ်းစစ်ကောင်စီက ယခုလအစောပိုင်းတွင် ကြေညာခဲ့မှုအပေါ် စိုးရိမ်ပူပန်မှုများ တစ်ပြိုင်တည်း ထွက်ပေါ်ခဲ့သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်အတိုက်အခံပြုမှုအတွက် အသက် ၁၈ နှစ်အောက် ယောကျ်ားလေးနှစ်ဦး အပါအဝင် လူ ၁၁၄ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားခဲ့ကြောင်း မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ့ (ISP-Myanmar) က ထုတ်ဖော်သည်။

သေဒဏ် ဥပဒေသည် ပြဋ္ဌာန်းထားသော ဥပဒေပေါင်းချုပ်တွင် ရှိနေဆဲဖြစ်သလို အာဏာသိမ်းမှုမတိုင်မီ တရားရုံးများက သေဒဏ်ပြစ်ဒဏ်ကို ဆက်လက်ချမှတ်နေခဲ့သော်ငြား မြန်မာတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ သေဒဏ်စီရင်မှုများကို လုပ်ဆောင်ထားခဲ့ခြင်း မရှိပေ။

လူ့အသက်အားလုံးက အရေးကြီးသည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အထူးအာရုံက လူသိများထင်ပေါ်သော တက်ကြွလှုပ်ရှားသူနှစ်ဦးအပေါ်တွင် ရှိနေသည်။ ထိုသူနှစ်ဦးမှာ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ (SAC) တဖြစ်လဲ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး ရွှေမြန်မာပြည်တွင် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်း သေဒဏ်ချမှတ်ခံရသူများ ဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သည့် ကိုဖြိုးဇေယျာသော်နှင့် ၈၈ မျိုးဆက် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု တို့ဖြစ်သည်။ ကိုဂျင်မီသည် ဤမတိုင်မီ ၂၀၀၇ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အကြာကလည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း ပါဝင်မှုအတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီ စစ်သားများနှင့် ရဲများက ရန်ကုန်ရှိ အိမ်ရာတစ်ခုကို စီးနင်းမှုတစ်ခုအတွင်း အသက် ၄၁ နှစ်ရှိ ကိုဖြိုးဇေယျာသော်ကို ဖမ်းဆီးခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။ စစ်တပ် ထောက်ခံသော ပစ်မှတ်များအား လူသေဆုံးစေသည့် ပစ်ခတ်မှုများကို ဦးဆောင်သည်ဟု ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အများပြည်သူဆိုင်ရာ ပစ္စည်းဥစ္စာကာကွယ်ရေး အက်ဥပဒေတို့အောက်တွင် NLD အမတ်ဟောင်း၊ ဟစ်ဟော့ အဆိုတော်ကို စစ်တရားရုံးတစ်ခုက တရားစွဲခဲ့သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် စစ်ကောင်စီ စစ်သားများသည် ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်တွင် အသက် ၅၂ နှစ်ရှိ ကိုဂျင်မီကို ဖမ်းဆီးခဲ့သည်။ ဆူပူမငြိမ်သက်မှုဖြစ်အောင် လှုံ့ဆော်ပြီး “အကြမ်းဖက်မှု” တွင် ပါဝင်သည်ဟု ဆိုကာ စစ်ကောင်စီအာဏာပိုင်တို့က ကိုဂျင်မီကို ၂၀၂၁ ဖေဖေါ်ဝါရီ ၁၃ ရက်တွင် ဖမ်းဝရန်းထုတ်ခဲ့သည်။ ထို ပြစ်မှုနှစ်ခုစလုံးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအောက်တွင် ရှိသည်။ စစ်ကောင်စီစစ်သားများသည် ကိုဂျင်မီကို ဖမ်းဆီးစဉ်အတွင်း အပြင်းအထန် ရိုက်နှက်ခဲ့သလို ထိန်းသိမ်းထားစဉ်အတွင်း ၎င်းအား ညှင်းပန်းနှိပ်စက်ခဲ့သည်ဟု ၎င်း၏ မိသားစုက ပြောသည်။

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီတို့အပြင် စစ်တပ် သတင်းပေးတစ်ဦးကို သတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်ချခံထားရသည့် အခြားအမျိုးသားနှစ်ဦးဖြစ်သော ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့သည် အယူခံဝင်နိုင်သည့် လမ်းကြောင်းအားလုံး ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် ၎င်းတို့ကို ကြိုးပေးကွပ်မျက်တော့မည်ဟု စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီးက ၂၀၂၂ ဇွန်လ ၂ ရက်တွင် ကြေညာခဲ့သည်။ သို့သော် ၎င်းတို့ကို သေဒဏ်စီရင်မှုကို မည်သည့် နေ့တွင် လုပ်ဆောင်မည်လဲ ဆိုသည်ကို မသိရပေ။

အဆိုပါ ပုဂ္ဂိုလ်များအတွက် သေဒဏ်ပယ်ဖျက်ခံရမည့် အခွင့်အလမ်းမရှိတော့သည့်အတွက် ၎င်းတို့ကို ကွပ်မျက်တော့မည် ဆိုသည့် စစ်ကောင်စီ၏ ပြောဆိုချက်ကြောင့် နိုင်ငံတကာ၏ အုတ်အော်သောင်းသဲ ကန့်ကွက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ထုတ်ဖော်ကန့်ကွက်ခဲ့ပြီး မြန်မာစစ်ကောင်စီ၏ သေဒဏ်စီရင်မည့် ဆုံးဖြတ်ချက်က “လူတိုင်း အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်၊ လုံခြုံခွင့် ရှိသည်” ဟု ဖော်ပြထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃ ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောခဲ့သလို လူတိုင်းသည် လွတ်လပ်ပြီး ဘက်မလိုက်သော တရားရုံးတစ်ခု၌ အများပြည်သူဆိုင်ရာ ကြားနာမှုနှင့် ခုခံကာကွယ်မှု ရပိုင်ခွင့် ရှိသည်ဟု ပြောခဲ့သည်။ အလားတူ အမေရိကန်အစိုးရကလည်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းတွင် ဒီမိုကရေစီ လိုလားသူများနှင့် အတိုက်အခံ ခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်ကောင်စီဘက်က စီစဉ်နေမှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးအပေါ် စစ်ကောင်စီ၏ အလေးမထား၊ ဥပေက္ခာပြုနေမှုကို ရည်ညွှန်းထုတ်ဖော်ခဲ့သည်။ ထို့ပြင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေး ၎င်းတို့က တိုက်တွန်းခဲ့သည်။

သေဒဏ်ပြစ်ဒဏ်များအပေါ် ရှုတ်ချပြီး မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေး၊ စစ်ကောင်စီဘက်က အကြမ်းဖက်မှု အဆုံးသတ်ရေး၊ အားလုံးပါဝင်သော ညှိနှိုင်းဆွေးနွေးမှု လုပ်ဆောင်ရေး တောင်းဆိုသည့် ထုတ်ပြန်ချက်တစ်စောင်ကို ရန်ကုန်ရှိ ပြင်သစ်သံရုံးကလည်း ထုတ်ပြန်ခဲ့သည်။

ဤအဆင့်တွင် တရားမဝင်သော အစိုးရကို ဆန့်ကျင်လုပ်ဆောင်ထားခဲ့သည့် ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများအပေါ် ခြိမ်းခြောက်ထားမှုကို မြန်မာစစ်ကောင်စီဘက်က မည်သည့်အချိန်တွင် မည်ကဲ့သို့ ဆက်လုပ်သွားမလဲဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

အကယ်၍ စစ်ကောင်စီအနေဖြင့် နိုင်ငံတကာအလယ် ယင်း၏ စုတ်ပြတ်သတ်နေသော နာမည်ဂုဏ်သတင်းကို အဖတ်ဆယ်လိုသည် ဆိုပါက ယင်းအနေဖြင့် အဆိုပါ ရဲစွမ်းသတ္တိရှိသော တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်မည် ဆိုသည့် ခြိမ်းခြောက်မှုကို ရပ်ဆိုင်းစွန့်ပယ်ရမည့် အချိန်ရောက်ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly