အိန္ဒိယကိုယ်စားလှယ်အဖွဲ့ အာဖဂန်နစ္စတန် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှု

အိန္ဒိယကိုယ်စားလှယ်အဖွဲ့ အာဖဂန်နစ္စတန် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှု

အာဖဂန်နစ္စတန်နိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန၏ တွဲဘက်အတွင်းဝန် ဂျေပီဆင်း ဦးဆောင်သောအဖွဲ့သည် ကဘူးလ်မြို့အနီး ချင်တာလာ လျှပ်စစ်ဓာတ်အားပေး စက်ရုံခွဲသို့ ဇွန် ၂ ရက်က သွားရောက်ကြည့်ရှုခဲ့ကြသည်။

‌အာဖဂန်နစ္စတန်တွင် အိန္ဒိယနိုင်ငံမှ စီမံကိန်းအများအပြားရှိသည့်အနက် အဆိုပါ ဓာတ်အားပေးစက်ရုံကို မြို့တော်ကဘူးလ်အနီးရှိ ချင်တာလာမြို့တွင် အိန္ဒိယနိုင်ငံ Powergrid ကော်ပိုရေးရှင်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

‌အာဖဂန်နစ္စတန်၏ North East Power System (NEPS) သည် အရေးပါသည့် ဓာတ်အားပေး စက်ရုံဖြစ်ပြီး အာဖဂန်နစ္စတန်အစိုးရသို့ အိန္ဒိယက ပေးထားသည့် အကူအညီများအနက် တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အိန္ဒိယစွမ်းအင် ဝန်ကြီးဌာနလက်အောက်ရှိ Powergrid ကော်ပိုရေးရှင်းက ငွေကြေးပံ့ပိုးပေးခဲ့သည့် ချင်တလာ ဓာတ်အားပေးစက်ရုံခွဲကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပြီးစီးခဲ့သည်။

တွဲဘက်အတွင်းဝန် ဂျေပီဆင်းဂ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယက အာဖဂန်နစ္စတန်သို့ ပေးထားသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဖြူးပေးနေခြင်းကို လာရောက် ကြည့်ရှုခြင်း ဖြစ်သည်။ ယခုခရီးစဉ်အတွင်း ၎င်းသည် တာလီဘန်ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးကာ အိန္ဒိယမှ လာရောက် လုပ်ဆောင်ထားသည့် စီမံကိန်းများကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။

ထို့ပြင် ၁၉၇၀ ပြည့်လွန်နှစ်များက ကဘူးလ်မြို့တွင် အိန္ဒိယက တည်ဆောက်ပေးခဲ့သည့် အင်ဒရာ ဂန္ဓီကလေးဆေးရုံသို့လည်း ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly