အာဖဂန်နစ္စတန်တွင် တက္ကသိုလ် ကထိကဆရာမ ၃ ဦး ထုတ်ပယ်ခံရမှုကြောင့် ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်

အာဖဂန်နစ္စတန်တွင် တက္ကသိုလ် ကထိကဆရာမ ၃ ဦး ထုတ်ပယ်ခံရမှုကြောင့် ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်

အာဖဂန်နစ္စတန်နိုင်ငံ ဘာဒက်ရှန်တက္ကသိုလ်မှ ကထိကဆရာမ ၃ဦး ၁၀ လကျော်ကြာ အလုပ်သို့ ရောက်ရှိလာခြင်း မရှိသည့်နောက်တွင် ယခုအခါ ၎င်းတို့သည် ရာထူးတာဝန်များကနေ ထုတ်ပယ် ခံခဲ့ရပြီဖြစ်ကြောင်း မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း မတ်လက စာသင်နှစ် စပြီးနောက် တက္ကသိုလ်များ ပြန်ဖွင့်ထားခဲ့သော်လည်း ယမန်နှစ် ဩဂုတ်လ တာလီဘန်တို့ အာဏာပြန်ရမှုကြောင့် ပေါ်ပေါက်ခဲ့သည့် ကသောင်းကနင်း အခြေအနေ များကြောင့် တက္ကသိုလ်များ၊ စာသင်ကျောင်းများနှင့် အခြား အဖွဲ့အစည်းများတွင် အနှောင့်အယှက်များကို ဖြစ်ပေါ်ထားစေခဲ့သည်။

ကထိကဆရာမ ၃ဦး ထုတ်ပယ်ခံရခြင်းက အာဖဂန်နစ္စတန်တွင် အမျိုးသမီးများကို ပညာသင်ကြားမှုပိုင်းတွင် အခက်အခဲများကို ထပ်တိုးဖြစ်ပေါ်စေလိမ့်မည်ဟု TOLOnews က ဖော်ပြသည်။

“တက္ကသိုလ်ကနေ အမျိုးသမီးပါမောက္ခ ၃ယောက်ကို ဖယ်ရှားလိုက်တာကတော့ နိုင်ငံမှာ ကျောင်းသူမိန်းကလေးတွေကို ပညာသင်ကြားရာမှာ အကြီးမားဆုံး ပြဿနာတွေအနက် တစ်ခု ဖြစ်ပါတယ်။ ဒါက မိန်းကလေးတွေရဲ့ စိတ်ပျက်အားလျော့မှုကို ပိုဆိုးစေပါတယ်” ဟု ကျောင်းသူတစ်ဦးဖြစ်သည့် လယ်မာ ဟာစရတ်က ပြောသည်။

“ကျွန်မတို့ အတန်းတွေ စနေတာ ၃လရှိသွားပါပြီ။ မိုဇ်ဒါနဲ့ ပါမောက္ခ အလမ်ယာတို့ဟာ တက္ကသိုလ်မှာ ကျွန်မတို့ကို သင်ကြားပေးနေခဲ့တဲ့ ဆရာတွေထဲမှာ ပါ ပါတယ်။ သူတို့ ကျောင်းမလာဘဲ ပျက်ကွက်တာ ၃လ ရှိသွားပါပြီ” ဟု အခြား ကျောင်းသူတစ်ဦးဖြစ်သည့် ဟန်ဂါမာက ပြောသည်။

အဆိုပါ ပါမောက္ခ သုံးဦးသည် လုပ်ငန်းခွင်ဝင်ရန် ပျက်ကွက်မှုကြောင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်ဟု ဘာဒက်ရှန်ပြည်နယ် တက္ကသိုလ်အုပ်ချုပ်ရေးမှူးက ပြောသည်။

“၂၀၂၁ ခုနှစ် ဩဂုတ်လနောက်ပိုင်း ၁၀လတာကာလမှာ ဒီဆရာမသုံးယောက်ဟာ တက္ကသိုလ်ကနေ ထွက်သွားကြပါတယ်။ သူတို့ကို ကျောင်းပြန်လာဖို့ တက္ကသိုလ်အုပ်ချုပ်သူတွေဘက်က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် သူတို့ ပြန်မလာခဲ့ကြပါဘူး” ဟု ဘာဒက်ရှန် တက္ကသိုလ်၏ သတင်းမီဒီယာဆက်ဆံရေး အကြီးအကဲ ဆယ်လာဟူဒင် ကာဇီဇာဒါက ပြောသည်။

အာဖဂန်နစ္စတန်တွင် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခြေခံအခွင့်အရေးများနှင့် လူ့အခွင့်အရေးအပေါ် ကန့်သတ်ပိတ်ပင်နေသည့် မူဝါဒများကို ရုပ်သိမ်းရေး ပြီးခဲ့သည့်လက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တာလီဘန်တို့ကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly