ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း အန္တရာယ်ပြုခံရပါက အစိုးရကို အသေခံတိုက်ခိုက်မည်ဟု ပါကစ္စတန်လွှတ်တော်အမတ် ခြိမ်းခြောက်

ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း အန္တရာယ်ပြုခံရပါက အစိုးရကို အသေခံတိုက်ခိုက်မည်ဟု ပါကစ္စတန်လွှတ်တော်အမတ် ခြိမ်းခြောက်

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း အန္တရာယ်ပြုခံရပြီး ဆံချည်တစ်မျှင်မျှပင် ထိခိုက်မည် ဆိုလျှင် အသေခံတိုက်ခိုက်သွားမည် ဖြစ်ကြောင်း PTI ပါတီမှ ဥပဒေပြုလွှတ်တော်အမတ် အက်တော်လာက လက်ရှိဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် အစိုးရကို ခြိမ်းခြောက်ပြောဆိုလိုက်သည်။

ထို့ပြင် ၎င်းတို့ ပါတီမှ အခြားသော ပါတီဝင်များသည်လည်း “အသေခံ တိုက်ခိုက်မှုများ” ကို လုပ်ဆောင်ရန် အသင့်ရှိနေကြသည်ဟု အက်တော်လာက ပြောသည်။

“အကယ်၍များ အီမရန် ခန်းရဲ့ ခေါင်းက ဆံချည်တစ်မျှင်တစ်လေသာ ထိခိုက်ခဲ့မယ်ဆိုရင်တော့ လက်ရှိနိုင်ငံကို စီမံအုပ်ချုပ်နေသူတွေကို သတိပေးချင်တာ ရှိပါတယ်။ ခင်ဗျားတို့ရော၊ ခင်ဗျားတို့ရဲ့ ကလေးတွေရော ဆက်ရှိနေနိုင်မှာ မဟုတ်ပါဘူး။ ကျုပ်က ခင်ဗျားတို့ကို အသေခံတိုက်ခိုက်မှု ပထမဆုံး လုပ်သွားမှာပါ။ ကျုပ် ခင်ဗျားတို့ကို ဒီတိုင်း ထားမှာ မဟုတ်ပါဘူး။ အလားတူပဲ ထောင်နဲ့ချီတဲ့ ပါတီဝင်တွေကလည်း အဆင်သင့် ရှိနေပါတယ်” ဟု အက်တော်လာက တွစ်တာတွင် တင်ထားသည့် ဗီဒီယိုတစ်ခုတွင် ပြောသည်။

ယင်းနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို လုပ်ကြံသတ်ဖြတ်ရန် လျှို့ဝှက်ကြံစည်မှုတစ်ခု ရှိနေသည် ဆိုသည့် ကောလာဟလများ ထွက်ပေါ်နေချိန် ယခုကဲ့သို့ PTI လွှတ်တော်အမတ်၏ ပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြို့တော် အစ္စလမ်မာဘတ် ရဲဌာနသည် ဇွန် ၄ ရက် ညပိုင်းက လုံခြုံရေးကို တိုးမြှင့်တင်းကျပ်ထားခဲ့ပြီး မြို့တော်ရှိ ဘာနီ ဂါလာဧရိယာ၏ ကပ်လျက် ဧရိယာများတွင် အမြင့်ဆုံးသတိပေးချက်တစ်ခု ထုတ်ပြန်ထားသည်။

မြို့တော်တွင် ပုဒ်မ ၁၄၄ ထုတ်ထားပြီးဖြစ်သလို လူစုဝေးခြင်းများကိုလည်း ပိတ်ပင်ထားကြောင်း အစ္စလမ်မာဘတ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဇွန် ၄ ရက်တွင် ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required