KNDF ၏ ယာယီတပ်စခန်းအားသိမ်းပိုက်သော သတင်းနှင့်အတူ သတင်းမှားများရောနှောဖြန့်

KNDF ၏ ယာယီတပ်စခန်းအားသိမ်းပိုက်သော သတင်းနှင့်အတူ သတင်းမှားများရောနှောဖြန့်

ဇွန် ၁၁

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၏ ယာယီ စခန်းတစ်ခုကို စစ်ကောင်စီတပ်က သိမ်းပိုက်သော သတင်းနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်များက လမ်းသွားလမ်းလာများထံက ငွေတောင်းခြင်း၊ ဘုန်းကြီးအားသတ်ဖြတ်ခြင်းနှင့် အမျိုးသားတစ်ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုပြုသည်ဆိုသော အဆိုပြုချက်တစ်ခုကို လူမှုကွန်ရက်တွင်ဖြန့်ဝေမှုများရှိနေသည်။ သို့သော် KNDF ၏ ယာယီစခန်းတစ်ခုကိုသိမ်းပိုက်ခံရသည်ဆိုသော အချက်အလက်သာမှန်ကန်ပြီး ကျန်အချက်အလက်များမှာ အမှားများဖြစ်သည်။

ပိုးပိုး အမည်ရှိ ဖေ့ဘုတ် အကောင့်တစ်ခုက “လွိုင်ကော် - မိုးဗြဲ ကြားကားလမ်းမပေါ်မှာတည်ရှိတဲ့ ကုန်းသာရွာ အရှေ့ဘက် ဟိုတာဆည်အနီးမှာ ယာယီအခြေပြုတပ်စွဲထားတဲ့ pdfအမည်ခံ knpp/kndf များဟာ နေ့စဉ်နှင့်အမျှ ကားလမ်းအားပိတ်ဆို့တားဆီး၍ အလှုငွေတောင်းခံခြင်း ဖမ်းဆီးစစ်ဆေးခြင်း ကုန်းသာတောင်ပေါ် ကျောင်းထိုင်ဘုန်းကြီးအားသတ်ဖြတ်ခြင်း ဖယ်ခုံမှလွိုင်ကော်သို့ထွက်လာသောအမျိူးသားတစ်ဦးအား မသတ်မှီ ဒါးဖြင့်လက်နှစ်ဖက်ဖြတ် ခြေထောက်နှစ်ဖက်ဖြတ် ပြီးမှ ခန္ဓာကိုယ်အား ၃ ပိုင်း ပိုင်းသတ်ဖြတ်ခြင်း ခရီးသွားပြည်သူများအားဖမ်းဆီး သတ်ဖြတ်ခြင်းများ ဆက်တိုက်ကျူးလွန်လာ၍ မခံမရပ်နိုင်သောဒေသခံများ၏ သတင်းပေးပို့ချက်အရ တပ်မတော်စစ်ကြောင်းများမှ ဝင်ရောက်ရှင်းလင်းရာ pdf/knppများ ဒမြတိုက် ဆက်ကြေးကောက် စားသောက်နေထိုင်ရာ ယာယီစခန်းအား သိမ်းပိုက်ရရှိပြီး မီးရှို့ဖျက်ဆီးခဲ့။” (မူရင်းသတ်ပုံအတိုင်း) ဟုရေးသားထားသည်။

ထိုရေးသားချက်အတိုင်းပင် အခြား ဖေ့ဘုတ်အကောင့်များနှင့် စစ်ကောင်စီ၏ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များနှင့် VK တွင်လည်း ပြန်လည်ဖြန့်ဝေခြင်းများ များစွာ ရှိနေသည်။

လွိုင်ကော် - မိုးဗြဲ ကြားကားလမ်းမပေါ်တွင်တည်ရှိသည့် ကုန်းသာရွာ အရှေ့ဘက် ဟိုတာဆည်အနီးရှိ KNDF စခန်းကို စစ်ကောင်စီတပ်က ဇွန်လ ၅ ရက်နေ့က သိမ်းပိုက်ခဲ့သည်။

" သိမ်းခံရတဲ့စခန်းကတော့ သွားလာလှုပ်ရှားတဲ့အခါမှာ ခရီးတစ်ထောက်ဝင်နားတာတို့ ဘာတို့လောက်ပါပဲ စခန်းမရှိပါဘူး" ဟု KNDF တပ်ပြောရေးဆိုခွင့်ရှိသူ ရီဒူက မဇ္ဈိမ သို့ ပြောသည်။

သို့သော် "ကျွန်တော်တို့တောက်လျှောက် တိုက်ပွဲတွေလုပ်လာတယ်။ စစ်ရေးအရရော နိုင်ငံရေးအရရောကျွန်တော်တို့တိုက်တယ်။ ကျွန်တော်တို့ကဘာလုပ်နေတယ်ဆိုတာ ပြည်သူလူထုကအသိဆုံးပဲ။ ဆိုတော့ အဲ့လိုမျိုးအလှူငွေတွေကို ကားလမ်းပိတ်ဆို့ပြီးတောင်းခံတာမျိုးလဲမရှိဘူး။ အဲ့ဒီအရာတွေကျွန်တော်တို့မလုပ်ဘူး" ဟု ၎င်းက ငြင်းဆိုသည်။

ထို့အပြင်"ကျွန်တော်တို့အဖွဲ့က လူ့အခွင့်အရေးကိုစံထားပြီး တိုက်ပွဲဝင်နေတာ။ လူတစ်ယောက်ရဲ့ အသက်ရှင်ရပ်တည်ပိုင်ခွင်၊ လှုပ်ရှားသွားလာခွင့်၊ လူတစ်ယောက်ကိုဖမ်းဆီးပြီးတော့ အကြောင်းမဲ့သတ်ဖြတ်တာတို့ကို ဘယ်တော့မှ မလုပ်ဆောင်ခဲ့ဘူး။ နောက်လဲလုပ်မှာမဟုတ်ဘူး။ ဒါကဝါဒဖြန့်တာဖြစ်တယ်" ဟုလည်း ဆက်ပြောသည်။

မိုးဗြဲ ဒေသခံတစ်ဦးကို မဇ္ဈိမအချက်အလက်စစ်ဆေးရေးအဖွဲ့က ဆက်သွယ်မေးမြန်းရာ " အလှူငွေတောင်းခံတာမျိုးလဲမရှိဘူး။ မသင်္ကာစရာရှိရင်တော့ ခဏလေးစစ်တာမျိုးတို့ရှိတာပေါ့။ ဖမ်းဆီးသတ်ဖြတ်တာလဲမရှိပါဘူး။ ကုန်းသာတောင်ပေါ်ဘုန်းကြီးက မတွေ့ရတာ ပြီးခဲ့တဲ့နှစ် ၉ လပိုင်းထဲကမတွေ့ရတော့တာ ဒီဘက်မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တော့ ရွာနားမှာ လူကလည်းမရှိဘူး။ နောက်ပိုင်းမှာဘယ်သူမှမနေရဲတော့ ဘုန်းကြီးလည်းမနေရဲတော့ဘူး" ဟု ပြောသည်။

အမျိုးသားတစ်ဦးအား ခန္ဓာကိုယ် သုံးပိုင်းပိုင်းဖြတ်သတ်သည် ဆိုသောကိစ္စမျိုးမှာလည်း မရှိသည့်အကြောင်း အဆိုပါဒေသခံကပြောသည်။

ထို့ကြောင့် “ပိုးပိုး” ဟူသောအကောင့်မှ စတင်ဖြန့်ဝေထားသည့် KNPP/KNDF ယာယီ တပ်စခန်း သိမ်းပိုက်ခံရသည့် အကြောင်းအရာ တစ်ခုသာ မှန်ကန်ပြီး ထိုစခန်းမှာ ခရီးတထောက်နားရာတွင်သာ အသုံးပြုသည်။ ကျန်အကြောင်းအရာများမှာလည်း လုပ်ကြံရေးသားထားသော သတင်းမှားသာဖြစ်သည်။

မဇ္ဈိမ၏ သတင်းဖတ်ရှုသည့် ပရိသတ်များအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများကို သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက်ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

http://www.mizzimaburmese.com/article/108989

#Misinformation_Buster

#လွိုင်ကော်

#KNDF

#PhotoNews

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly