ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၁ ဦး သေဟုဆို

ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၁ ဦး သေဟုဆို

ဇွန် ၁၁

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၁ ဦးသေဆုံးကြောင်း ဒေသခံကာကွယ်ရေးတပ်ဖြစ်သည့် Golden Brother အဖွဲ့တာဝန်ရှိသူက ပြောသည်။

ဇွန်လ ၁၀ ရက် နံနက် ၄ နာရီ အချိန်ခန့်တွင် စစ်ကောင်စီ အင်အား ၁၀၀ ကျော်ဖြင့် ဘုတလင်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာပြီး မနက် ၈ နာရီခန့်တွင် ကျို့ကုန်းကျေးရွာရှိ အသက်၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့ကြောင့် " သူတို့ အသွားမှာ ပြည်သူတွေပါနေလို့ မိုင်းမဆွဲလိုက်ရဘူး။ အပြန်မှ မိုင်းဆွဲလိုက်ရတာ။ ဖမ်းခံရတဲ့တစ်ယောက်ကတော့ သေဖို့ရာခိုင်နှုန်းများတယ်" ဟု Golden Brother အဖွဲ့တာဝန်ရှိသူက ဆိုသည်။

ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခံပြီးနောက် အထိနာသွားသော စစ်ကောင်စီတပ်သည် ကျို့ကုန်းကျေးရွာအတွင်းရှိ အိမ်ခြေ ခြောက်လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြသည်။

စစ်ကောင်စီတပ်သား ၁၁ ဦးအထိ သေဆုံးစေခဲ့သည့် ယင်းလုပ်ဆောင်မှုကို Golden Brother အဖွဲ့၏ မိုင်းဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။

ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းအချိန်တွင်လည်း ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ဒေသခံကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသေးသည်။

#ဘုတလင်

#စစ်ကိုင်းတိုင်း

#ကျို့ကုန်းရွာ

#မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly