တာလီဘန်တို့ အာဏာသိမ်းပြီးနောက်ပိုင်း အာဖဂန်နစ္စတန်သို့ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ ပထမဆုံးအကြိမ် ရောက်ရှိ

တာလီဘန်တို့ အာဏာသိမ်းပြီးနောက်ပိုင်း အာဖဂန်နစ္စတန်သို့ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ ပထမဆုံးအကြိမ် ရောက်ရှိ

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က ယမန်နှစ် ဩဂုတ်လအတွင်း အာဏာသိမ်းခဲ့သဖြင့် အိန္ဒိယက သံတမန်ဝန်ထမ်းအားလုံးကို နေရပ်သို့ ပြန်လည်ခေါ်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတွဲဖက်အတွင်းဝန် ဂျေပီဆင်းဂ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အာဖဂန်မြို့တော်ကဘူးလ်သို့ ဇွန် ၂ ရက်က သွားရောက်ခဲ့သည်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရန်နှင့် အဆိုပါကိစ္စအတွက် တာလီဘန်ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် အီရန်ရေးရာဌာန (PAI) ကို ဦးဆောင်သူ တွဲဖက်အတွင်းဝန် ဆင်းဂ်သည် တာလီဘန်ယာယီနိုင်ငံခြားရေးဝန်ကြီး အေမာခန်းမူတာကီနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

သံတမန်ဆက်ဆံရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ ၊ အိန္ဒိယနိုင်ငံမှ စီမံကိန်းများ ပြန်လည်စတင်နိုင်ရေးတို့ကို အဓိကဆွေးနွေးခဲ့ကာ ကောင်းမွန်သောဆွေးနွေးမှုများကို စတင်ပြုလုပ်နိုင်ခဲ့ကြောင်း ဝန်ကြီး မူတာကီက မှတ်ချက်ပြုခဲ့သည်ဟု  တာလီဘန်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဒိုဟာမြို့ရှိ တာလီဘန် နို်ငငံရေးရုံးအဖွဲ့အကြီးအကဲ ဆူဟေးလ်ရှာဟန်က ယခုခရီးစဉ်သည် အမှန်တကယ်လိုအပ် ကောင်းမွန်ကြောင်း ပြောကြားသည်။

အိန္ဒိယအစိုးရ တာဝန်ရှိသူများကမူ ယခုခရီးစဉ်အပေါ်များစွာ မသုံးသပ်ကြရန်နှင့် တာလီဘန်အစိုးရအပေါ် တရားဝင်အသိအမှတ်ပြုသည့် ဆုံးဖြတ်ချက်တစ်ရပ်မဟုတ်ကြောင်း သတိပေးထားသည်။

အိန္ဒိယအစိုးရအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံရှိ သံရုံးအား ပြန်လည်ဖွင့်လှစ်ရေးအတွက် စဉ်းစားရန်လည်း တာလီဘန်တို့က တောင်းဆိုထားသည်။

တာလီဘန်ဝန်ကြီး မူတာကီက အာဖဂန်နစ္စတန်တွင် အိန္ဒိယအစိုးရက သံတမန်ပြန်လည် ထူထောင်ရေး၊ အိန္ဒိယရှိ အာဖဂန်နစ္စတန် ကျောင်းသားများနှင့် ဆေးဝါးလာရောက် ကုသသူများအတွက် ဗီဇာကိစ္စဆောင်ရွက်ပေးရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း တာလီဘန်ပြောခွင့်ရအရာရှိက ပြောကြားသည်။

အာဖဂန်နစ္စတန်၏ ပို့ကုန်လုပ်ငန်း တိုးမြှင့်ရေးနှင့် ဆိပ်ကမ်းများ၊ နယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်လစ်ရေးအတွက် အာဖဂန်နစ္စတန်အား ကူညီသွားမည်ဟု အိန္ဒိယအစိုးရက တာလီဘန်တို့ကို ဆွေးနွေးခဲ့ကြောင်း အဆိုပါအရာရှိက ပြောကြားသည်။

ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပွားနေသည့် အာဖဂန်သို့ ဂျုံတန်ချိန် ၅ သောင်းပေးပို့ရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်အပေါ် ကျေးဇူးတင်ကြောင်းလည်း ဝန်ကြီး မူတာကီက ပြောကြားခဲ့သည်။

အီရန်တွင် ဒုက္ခသည့်အဖြစ် ရောက်ရှိနေသည့် အာဖဂန်ပြည်သူများအတွက် အိန္ဒိယက ပြည်တွင်းထုတ် Covaxin ကာကွယ်ဆေးလုံးရေ ၁ သန်းကို ပေးပို့ထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly