တရုတ်၏ ရဲ သံခင်းတမန်ခင်းက အာဏာရှင်စနစ်ကို တွန်းအားပေးနေ

By Taipei Times
10 June 2022
တရုတ်၏ ရဲ သံခင်းတမန်ခင်းက အာဏာရှင်စနစ်ကို တွန်းအားပေးနေ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဆော်လမွန်ကျွန်းစုမှစတင်၍ တောင်ပစိဖိတ်ဒေသရှိ ၈နိုင်ငံသို့ မကြာသေးမီက သွားရောက်ခဲ့ပြီးနောက် လျှို့ဝှက်စာရွက်စာတမ်းတစ်ခု ပေါက်ကြားခဲ့ကြောင်း Taipei Times သတင်းတွင် ဖော်ပြထားသည်။

နှစ်နိုင်ငံကြား သဘောတူညီချက်၏ ရည်ရွယ်ချက်မှာ ဆော်လမွန်ကျွန်းစု ရဲတပ်ဖွဲ့၏ ဥပဒေစိုးမိုးရေး စွမ်းရည်ကို အဆင့်မြှင့်တင်ရန် ကူညီပေးရေးဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါသဘောတူညီချက်သည် 'ဆော်လမွန်ကျွန်းစုအား ရဲတပ်ဖွဲ့စွမ်းရည်နှင့် တရားဥပဒေ စိုးမိုးရေး စွမ်းရည်များ တိုးတက်ကောင်းမွန်လာစေရန်နှင့် လူမှုရေးလုံခြုံရေးကို ပိုမိုကောင်းမွန်စွာကာကွယ်ရန် ဆော်လမွန်ကျွန်းစုအား ပံ့ပိုးကူညီရန် ရည်ရွယ်ထားကြောင်း ဝမ်က ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါပြဿနာသည် သြစတြေးလျနိုင်ငံအပြင် ဥရောပနှင့် အမေရိကတွင်လည်း စိုးရိမ်မှုများ ပေါ်ပေါက်နေဆဲဖြစ်သည်။

တရုတ်က လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နိုင်ငံရပ်ခြားတွင် ယင်း၏ စစ်အင်အားတိုးချဲ့ရန် စိတ်အား ထက်သန်ခဲ့သည်။

ဥပမာ တရုတ်က ၂၀၁၅ ခုနှစ်ကတည်းက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများနှင့် ပူးတွဲနိုင်ငံစုံ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး အေဒင်ပင်လယ်ကွေ့တွင် ပင်လယ်ဓားမြတိုက်ဖျက်ရေး ကင်းလှည့်ခြင်းတွင် ၂၀ဝ၈ခုနှစ်ကတည်းက ပါဝင်ခဲ့သည်။

၂၀၁၇ခုနှစ် အစောပိုင်းတွင် တရုတ်က အရှေ့အာဖရိကရှိ ဂျီဘူတီနိုင်ငံတွင် ပထမဆုံးပြည်ပ အခြေစိုက်စခန်းကို ထူထောင်ခဲ့ပြီး ယင်း၏ အဓိက လုံခြုံရေးမိတ်ဖက် ၂ ဦးဖြစ်သည့် ရုရှား၊ ပါကစ္စတန်တို့နှင့် ပုံမှန်စစ်ရေး လေ့ကျင့်ဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း Taipei Times သတင်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် တရုတ်က ဆော်လမွန်ကျွန်းစုတွင် စစ်အခြေစိုက်စခန်းတစ်ခု ထူထောင်လိုချင်းက အံ့သြစရာ မဟုတ်ပေ။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း တရုတ်သည် အာဖရိက၊ ဗဟိုနှင့် တောင်အမေရိက၊ အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဥပဒေစိုးမိုးရေးတပ်ဖွဲ့များကို 'အများပြည်သူလုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဖလှယ်မှုများ' ဟူသော ခေါင်းစဉ်ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ယင်းတို့အား အပျော့ထည်နှင့် အမာထည်ပစ္စည်းများကို ကုန်ကျစရိတ်မရှိ ပံ့ပိုးပေးခဲ့သည်။

၂၀၁၁ ခုနှစ်တွင် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် မဲခေါင်မြစ်ကြောင်း ပူးပေါင်းကင်းလှည့်ရေး ဥပဒေ စိုးမိုးရေး ပူးတွဲဌာနချုပ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တည်ထောင်ခဲ့ပြီး ၄ နိုင်ငံမှ ပူးတွဲကင်းလှည့်မှု ၁၁၇ ကြိမ် ထက်မနည်းကို ပြုလုပ်ခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တရုတ်အရာရှိများ ရှိနေခြင်းက ဒေသတွင်းတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုနှင့် ထိုးဖောက် ဝင်ရောက်မှုကို ဖော်ပြနေကြောင်း Taipei Times က ဖော်ပြခဲ့သည်။

အချို့သော ဖြစ်ရပ်များတွင် တရုတ်က ၎င်းတို့၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အကြံပေးများအဖြစ် စေလွှတ်ကာ “တရုတ်နည်းလမ်းများနှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု” ဆိုင်ရာ နိုင်ငံတကာစနစ်တစ်ခုကို ထူထောင်ခဲ့သည်။

နိုင်ငံတကာ အာရုံစိုက်မှုကို အနည်းငယ်သာ ဆွဲဆောင်သည့် နိုင်ငံတကာပုံစံ ပြည်သူ့လုံခြုံရေးပုံစံ မှတစ်ဆင့် တရုတ်က အရှေ့တောင်အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့တွင် ယင်း၏ သြဇာ လွှမ်းမိုးမှုကို ချဲ့ထွင်ခဲ့ပြီး ထိုဒေသများ၏ လုံခြုံရေးကို ခြိမ်းခြောက်ကာ သက်ဆိုင်ရာ နိုင်ငံများ၏ အချုပ် အခြာအာဏာကို ထိခိုက်စေခဲ့သည်။

ထိုကဲ့သို့သော လုပ်ဆောင်ချက်များက ဒီမိုကရေစီအဖွဲ့အစည်းများကို ထိခိုက်စေပြီး အာဏာရှင်များကို ၎င်းတို့၏ လက်အောက်ခံများကို ထိန်းချုပ်ရန် အခွင့်အာဏာ ပေးထားသည်။

တရုတ်က ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီနှင့် လွတ်လပ်မှုကို ကြီးစွာ ချိုးဖောက်မှုဖြစ်စေသည့် နိုင်ငံရပ်ခြား ထောက်လှမ်းရေးသတင်းစုဆောင်းမှု ပြုလုပ်ရန် သက်ဆိုင်ရာကိရိယာများကိုလည်း အသုံးပြုနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly