လပွတ္တာတွင် စစ်ကောင်စီတပ်က ထွေအုပ်ဝန်ထမ်းများကို KTV တွင် ဝင်ရောက်ရိုက်နှက်၊ လက်ဖက်ရည် ဆိုင်ထိုင်နေသော ပြည်သူအချို့ကိုလည်း အကြောင်းမဲ့ရိုက်နှက်

လပွတ္တာတွင် စစ်ကောင်စီတပ်က ထွေအုပ်ဝန်ထမ်းများကို KTV တွင် ဝင်ရောက်ရိုက်နှက်၊ လက်ဖက်ရည် ဆိုင်ထိုင်နေသော ပြည်သူအချို့ကိုလည်း အကြောင်းမဲ့ရိုက်နှက်

ဇွန်လ ၁၀ ရက်

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်တွင် စစ်ကောင်စီတပ်သားများက ဇွန်လ ၉ ရက်နေ့ ညပိုင်းတွင် လက်ဖက် ရည်ဆိုင်ထိုင်နေသည့် ပြည်သူ့အချို့ကိုအကြောင်းမဲ့ဝင်ရောက်ရိုက်နှက်ခဲ့ပြီး KTV တစ်ခုကိုလည်းဝင် ရောက်ရမ်းကားကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများကို ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့ ည၉နာရီခန့်တွင် လပွတ္တာမြို့ ဩဘာလမ်းရှိ ဝင်းဝင်းတောက်လက်ဖက်ရည်ဆိုင်အတွင်း လက်ဖက်ရည်သောက်နေသူ လူငယ်လေးဦးကို စစ်ကောင်စီတပ်က ကင်းလှည့်လာစဉ် အကြောင်းမဲ့ ဝင်ရောက်ရိုက်နှက်ခဲ့ပြီး ဆိုင်အတွင်းရှိ စားပွဲခုံကိုအချို့ကိုပါ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ည ၁၁ နာရီခန့်တွင် လပွတ္တာမြို့ သုံးမိုင်မြို့သစ်တွင် ဖွင့်လှစ်ထားသည့် လှေကြီး KTV ကိုလည်း ဝင်ရောက်ရမ်းကားကာ ဆိုင်အတွင်း သီချင်းဆိုနေသည့် ထွေအုပ်ဝန်ထမ်းအချို့နှင့် ပြည်သူအချို့ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“စစ်သားတွေက မူးနေကြတယ်။ ည ၉ နာရီလောက်မှာ ဝင်းဝင်းတောက်လက်ဖက်ရည်ဆိုင်မှာလည်း မပြန်သေးဘူးလားဆိုပြီးတော့ ဝင်ရိုက်တယ်။ အဲဒီဆိုင်ပိုင်ရှင်က ကြံ့ဖွံကပါ။ တစ်ဆိုင်လုံးကို ပြဿနာ ရှာနေတာ ဆိုင်ရှင်က မတားရဲဘူး။ ခြေထောက်နဲ့ပါ ကလေးတွေကို ကန်တာ။ ပြီးတော့ အဲဒီကောင်တွေ သုံးမိုင်ကိုသွားပြီး ဆက်မွှေနေတာ။ KTV ကိုသွားတာမှာ ကောင်မလေးလုရင်းနဲ့လို့ပြောတယ် ထွေအုပ်က ကောင်တွေကို ရိုက်လည်းရိုက်တယ်၊ ကန်လည်းကန်တယ်။ တစ်ယောက်က အရေးပေါ်အဖြစ် ဆေးရုံ တင်ထားရတယ်။ အရပ်သား ၃ယောက်ကိုလည်း ဖမ်းသွားတယ်”ဟု လပွတ္တာမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် လပွတ္တာမြို့ပေါ်သို့ လာရောက်စျေးရောင်းချသူ စျေးသည်များအား အကြောင်း မဲ့ရိုက်နှက်ဖမ်းဆီးပြီး ငွေကြေးတောင်းခံခြင်းများ မကြာခဏလုပ်ဆောင်လေ့ရှိပြီး၊ စိတ်ကျန်းမာရေး မကောင်းသူအမျိုးသားတစ်ဦးကိုလည်း ရိုက်နှက်သတ်ဖြတ်ကာ ၁၃ မိုင်တွင် အလောင်းစွန့်ပစ်ခဲ့သည့် ဖြစ်စဉ်များလည်း လုပ်ဆောင်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly