AA အတွက်ငွေကောက်ခံသည်ဟုဆိုကာ ဖမ်းဆီးထားသည့် ကျောက်ဖြူဒေသခံ ၂ ဦးကို ရုံးထုတ်

AA အတွက်ငွေကောက်ခံသည်ဟုဆိုကာ ဖမ်းဆီးထားသည့် ကျောက်ဖြူဒေသခံ ၂ ဦးကို ရုံးထုတ်

ဇွန်လ ၁၀ ရက်

ရက္ခိုင့်တပ်တော် (AA) အတွက် ရန်ပုံငွေကောက်ခံပေးသည့်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့မှ ကိုသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့တို့ကို ကျောက်ဖြူခရိုင်တရားရုံး၌ ယနေ့ မေလ ၁၀ ရက်နေ့တွင် ပထမအကြိမ်ရုံးထုတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မဖြင့် စစ်တပ်က တရားစွဲထားသည်ဟု အမူလိုက်ပေးနေသည့် ဥပဒေရေးရာကုစားရေးရုံး၊ ကျောက်ဖြူရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ဒီနေ့ကတော့ နံနက် ၁၁ နာရီကျော်လောက်က ရုံးထုတ်ခဲ့ပါတယ်။ ဒီအပတ်မှာကတော့ စစ်ဆေးတာမရှိပါဘူး။ ကျွန်တော်တို့ အမူလိုက်ပါဖို့အတွက် ကိုယ်စားလှယ်လွှဲစာတင်တယ်။ နောက်ပြီး အမှုမှာ တရားခံပြေးပါတာကြောင့် တရားခံပြေးအမှုကို စစ်ဆေးပြီးမှ ရာကြီးအမူကို ဆက်စစ်မှာပါ။ ရုံးချိန်းကတော့ ၂၃ ရက်နေ့ ဆက်ချိန်းထားပါတယ် ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ညနေပိုင်းတွင် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံသည့် ဒေါ်ခင်အုန်းနွဲ့ အသက် ၅၆ နှစ် နှင့် ဦးသန်းလိူင် အသက် ၄၁ နှစ် တို့ကို

ကျောက်ဖြူအခြေစိုက် ခလရ (၃၄) တပ်ရင်းမှ စစ်သားများက ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ဗိုလ်ရဲသက်ဇော်က တရားလိုပြုလုပ်ကာ ကျောက်ဖြူခရိုင်တရားရုံးတွင် အမှုဖွင့်ခဲ့သည်။

ဦးသန်းလိူင်၏ ဇနီးဖြစ်သူ ဒေါ်ချိုချိုသန်းကလည်း “ သူက မိသားစုစားဝတ်နေရေးအတွက် လုပ်ပေးနေတဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဘေးတွဲမောင်းပြီး မိသားစုစားဝတ်နေရေးဖြေရှင်းနေရတာပါ။ သူတို့ တရားစွဲဆိုသလို မျိုးလည်းမဟုတ်ပါဘူး။ ဒါကြောင့် အမြန်ဆုံး ပြန်လွတ်ပေးစေချင်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများငြိမ်သက်နေသည့် တစ်နှစ်ကျော်အတွင်း စစ်တပ်အနေဖြင့် တစ်ရွာဝင် တစ်ရွာထွက်သွားလာနေကာ AA ကိုငွေကြေးမထောက်ပံ့ရန်နှင့် ULA/AA မှခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း မကြာခဏရှာဖွေ ဖမ်းဆီးနေပြီး တရားစွဲဆိုခြင်းများကို ပြုလုပ်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly