ယူကရိန်းစစ်ပွဲ၏ ကမ္ဘာကို ရိုက်ခတ်မှုက ပို၍ ဆိုးဝါးလာနေဟု ကုလသမဂ္ဂ အကြီးအကဲ သတိပေး 

ယူကရိန်းစစ်ပွဲ၏ ကမ္ဘာကို ရိုက်ခတ်မှုက ပို၍ ဆိုးဝါးလာနေဟု ကုလသမဂ္ဂ အကြီးအကဲ သတိပေး 
Photo - AFP

ဇွန် ၉

ယူကရိန်းအား ရုရှကျူးကျော်စစ်၏ ကမ္ဘာကို အကျိုးဆက်သက်ရောက်မှုသည် ပို၍ ဆိုးဝါးလာနေပြီး လူ ၁ ဒသမ ၆ ဘီလီယံအပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရပ်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။  

“စားနပ်ရိက္ခာ လုံခြုံရေး၊ စွမ်းအင်နဲ့ ဘဏ္ဍာရေးတို့အပေါ် စစ်ပွဲရဲ့ ရိုက်ခတ်မှုဟာ အရှိန်မြင့်ပြင်းထန်လာနေတယ်”ဟု စစ်ပွဲ၏ ဂယက်နှင့် ပတ်သက်သည့် ကုလသမဂ္ဂ၏ ဒုတိယမြောက်အစီရင်ခံစာ တင်ပြရာတွင် အတွင်းရေးမှူးချုပ်က ပြောသည်။ 

“ကမ္ဘာတစ်လွှားက ပြည်သူတွေအတွက် ဒီ စစ်ပွဲဟာ ဆာလောင်ငတ်မွတ်မှုနဲ့ ခိုကိုးရာမဲ့ ဖြစ်မှု မကြုံဖူးတဲ့ လှိုင်းကို ဖြစ်ပေါ်စေဖို့ ခြိမ်းခြောက်လျက် ရှိနေတယ်၊ လူမှုရေးနဲ့ စီးပွားရေး ဝရုန်းသုန်းကား အခြေအနေကို ဖြစ်ပေါ်စေတယ်”ဟု ၎င်းက ဖြည့်စွက်ပြောသည်။ 

ယခုနှစ်၏ စားနပ်ရိက္ခာ အကျပ်အတည်းမှာ “လက်ခံ ရရှိမှု အားနည်းခြင်း” ဖြစ်သော်လည်း လာမည့်နှစ်၏ အကျပ်အတည်းက “စားနပ်ရိက္ခာ ပြတ်လပ်မှု” ဖြစ်လာနိုင်သည်ဟု ဂူတာရပ်စ်က ဆိုသည်။ 

“စုဖွဲ့နေတဲ့ ဒီ မုန်တိုင်းကို ရပ်ပစ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ယူကရိန်းကို ရုရှကျူးကျော်စစ် ရပ်ပစ်ရမှာ ဖြစ်တယ်”ဟု ၎င်းက မိန့်ခွန်းပြောရာ၌ တိုက်တွန်းထားသည်။ 

ယူကရိန်းက ထုတ်ကုန်များ ဘေးကင်းလုံခြုံစွာဖြင့် တင်ပို့နိုင်မှုကို ခွင့်ပြုသော၊ စားနပ်ရိက္ခာနှင့် ဓာတ်မြေဩဇာတွင် ရုရှအတွက် ကမ္ဘာ့ဈေးကွက်များကို မပိတ်ဆို့ထားသော သဘောတူညီချက် ထွက်ပေါ်လာရေးအတွက် ကူညီကြရန် လုပ်ဖော်ကိုင်ဖက်များကို တောင်းဆိုထားကြောင်း ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ကြီး၏ အကြီးအကဲ ဂူတာရပ်စ်က ပြောသည်။ 

“ဒီလို သဘောတူညီချက်မျိုးက အာဖရိက ဆာဟာရအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပြည်သူသန်းပေါင်းများစွာအတွက် မုချလိုအပ်ပါတယ်”ဟု ဂူတာရပ်စ်က ဆိုသည်။ 

အကျပ်အတည်း၏ အတိုင်းအတာသည် နိုင်ငံပေါင်း ၉၄ နိုင်ငံမှ လူပေါင်း ၁ ဒသမ ၆ ဘီလီယံခန့်အပေါ် သက်ရောက်နေပြီး ယင်းကို ဖြေရှင်းနိုင်စွမ်းလည်း မရှိဘဲ ဖြစ်နေသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာက ဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly