ဆော်လမွန်ကျွန်းစုတွင် တရုတ်က စစ်ရေးတိုးချဲ့မှုများ ပြုလုပ်နေ

ဆော်လမွန်ကျွန်းစုတွင် တရုတ်က စစ်ရေးတိုးချဲ့မှုများ ပြုလုပ်နေ

ဆော်လမွန်ကျွန်းစုမြို့တော် ဟိုနီယားရာ၌ စစ်အခြေစိုက်စခန်းတည်ဆောက်ရန် ရည်ရွယ်ချက်မရှိကြောင်း တရုတ်က အခိုင်အမာပြောဆိုနေသော်လည်း ဆန့်ကျင်ဘက် လုပ်ရပ်အဖြစ် စစ်အင်အားကို တည်ဆောက် နေကြောင်း လျှို့ဝှက်ပေါက်ကြားလာသည့် စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဆော်လမွန်ကျွန်းစုမှစတင်၍ တောင်ပစိဖိတ်ဒေသရှိ ၈ နိုင်ငံသို့ မကြာသေးမီက သွားရောက်ခဲ့ပြီးနောက် လျှို့ဝှက်စာရွက်စာတမ်းတစ်ခု ပေါက်ကြားခဲ့ကြောင်း Taipei Times သတင်းတွင် ဖော်ပြထားသည်။

နှစ်နိုင်ငံကြား သဘောတူညီချက်၏ ရည်ရွယ်ချက်မှာ ဆော်လမွန်ကျွန်းစု ရဲတပ်ဖွဲ့၏ ဥပဒေစိုးမိုးရေး စွမ်းရည်ကို အဆင့်မြှင့်တင်ရန် ကူညီပေးရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါသဘောတူညီချက်သည် "ဆော်လမွန်ကျွန်းစုအား ရဲတပ်ဖွဲ့စွမ်းရည်နှင့် တရားဥပဒေ စိုးမိုးရေး စွမ်းရည်များ တိုးတက်ကောင်းမွန်လာစေရန်နှင့် လူမှုရေးလုံခြုံရေးကို ပိုမိုကောင်းမွန်စွာကာကွယ်ရန် ဆော်လမွန်ကျွန်းစုအား ပံ့ပိုးကူညီရန် ရည်ရွယ်ထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

သို့သော် အဆိုပါပြဿနာသည် သြစတြေးလျနိုင်ငံအပြင် ဥရောပနှင့် အမေရိကတွင်လည်း စိုးရိမ်မှုများ ပေါ်ပေါက်နေဆဲဖြစ်သည်။

တရုတ်အစိုးရက ဆော်လမွန်ကျွန်းစုအပြင် ၂၀၁၇ခုနှစ် အစောပိုင်းက အရှေ့အာဖရိကရှိ ဂျီဘူတီနိုင်ငံတွင် ပထမဆုံးပြည်ပအခြေစိုက်စခန်းကို ထူထောင်ခဲ့ပြီး ယင်း၏ အဓိက လုံခြုံရေးမိတ်ဖက် ၂ ဦးဖြစ်သည့် ရုရှား၊ ပါကစ္စတန်တို့နှင့် ပုံမှန်စစ်ရေးလေ့ကျင့်ဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း Taipei Times သတင်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း တရုတ်သည် အာဖရိက၊ ဗဟိုနှင့် တောင်အမေရိက၊ အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဥပဒေစိုးမိုးရေးတပ်ဖွဲ့များကို 'အများပြည်သူလုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဖလှယ်မှုများ' ဟူသော ခေါင်းစဉ်ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ယင်းတို့အား ရဲလုပ်ငန်းသုံးစ္စည်းများကို အခမဲ့နီးပါး သို့မဟုတ် အခမဲ့ ပံ့ပိုးပေးခဲ့သည်။

၂၀၁၁ ခုနှစ်တွင် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် မဲခေါင်မြစ်ကြောင်း ပူးပေါင်းကင်းလှည့်ရေး ဥပဒေ စိုးမိုးရေး ပူးတွဲဌာနချုပ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တည်ထောင်ခဲ့ပြီး ၄ နိုင်ငံမှ အနည်းဆုံး ပူးတွဲကင်းလှည့်မှု ၁၁၇ ကြိမ် ပြုလုပ်ခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တရုတ်အရာရှိများ ရှိနေခြင်းက ဒေသတွင်းတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုနှင့် ထိုးဖောက် ဝင်ရောက်မှုကို ဖော်ပြနေကြောင်း Taipei Times က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly