တီအန်နန်မင်ရင်ပြင်တွင် ဆန္ဒပြစဉ်က ပါဝင်ခဲ့သူများကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးညွှတ်ဂုဏ်ပြု

တီအန်နန်မင်ရင်ပြင်တွင် ဆန္ဒပြစဉ်က ပါဝင်ခဲ့သူများကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးညွှတ်ဂုဏ်ပြု

တီအန်နန်မင်ရင်ပြင်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၃၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ကမ္ဘာကြီးကို နှိုးဆော်အသိပေးခဲ့သည့် ရဲရင့်သော တရုတ်ဆန္ဒပြသူများသည် ယနေ့ခေတ်တွင် နိုင်ငံရေးသတ္တိအကြီးမြတ်ဆုံးလုပ်ရပ်များထဲမှ တစ်ခုအဖြစ် ပြောကြားကာ ဦးညွှတ်ဂုဏ်ပြုပြောဆိုခဲ့သည်။

“တင့်ကားယာဉ်တန်းကြီးရဲ့ရှေ့မှာ အလျှော့မပေးဘဲ ရပ်နေတဲ့ ပုံရိပ်ဟာ ဒီမိုကရေစီချစ်မြတ်နိုးသူအားလုံးရဲ့ အောက်မေ့သတိရစရာထဲမှာ စွဲထင်ကျန်ရစ်နေတုန်းပါ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ဖိနှိပ်အုပ်ချုပ်မှုကို ကျောင်းသားတွေ၊ အလုပ်သမားတွေနဲ့ သာမန်ပြည်သူတွေက ငြိမ်းချမ်းစွာ တွန်းလှန်တဲ့ သတ္တိကို တစ်ကမ္ဘာလုံးက ဂုဏ်ပြုနေချိန်မှာ သူတို့နှလုံးသားထဲမှာ တောက်လောင်နေတဲ့ လွတ်လပ်ရေးမီးတောက် ဆက်လက် ရှင်သန်နေစေဖို့
ကျွန်မတို့ ထပ်မံကတိပြုပါတယ်” ဟု ပလိုစီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တိဗက်လူမျိုးတွေအပေါ် ရန်လိုမှုကနေစပြီးတော့ ဝီဂါနဲ့တခြားတိုင်းရင်းသားလူနည်းစုတွေအပေါ် ရက်စက်ကြမ်းကြုတ်မှု၊ ငြိမ်းချမ်းတဲ့  တက်ကြွလှုပ်ရှားသူတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ လွတ်လပ်ခွင့်ကို ချေမှုန်းတဲ့ အစိုးရရဲ့လုပ်ရပ်တွေဟာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပါတယ်” ဟု သူမကဆိုသည်။

ဟောင်ကောင်ကို လွှဲပြောင်းမှု ၂၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် နန်စီပလိုစီက တရုတ်သည် တီအန်နန်မင်အောက်မေ့ဖွယ်ကို ဆယ်စုနှစ်ပေါင်းများစွာ ထိန်းသိမ်းလာသူအများအပြားအပါအဝင် လွတ်လပ်မှုနှင့် တရားဥပဒေစိုးမိုးမှုကို အကာအကွယ်ပေးသူများကို ထောင်သွင်းအကျဉ်းချပြီး ‘တစ်နိုင်ငံ စနစ်နှစ်မျိုး’ ကို ဆက်လက်ဖီဆန်နေကြောင်း ပြောသည်။

၁၉၈၉ ခုနှစ်က ပေကျင်းရှိ တီအန်နန်မင်ရင်ပြင်နှင့် တခြားတရုတ်နိုင်ငံမြို့ကြီးများတွင် ကျောင်းသားများ၊ အလုပ်သမားများနှင့်တခြားသူများသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ တာဝန်ယူမှုနှင့် အကျင့်ပျက်ခြစားမှုအဆုံးသတ်ရေးတို့ကို တောင်းဆိုကာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည်။

တရုတ်အစိုးရက ၁၉၈၉ ခုနှစ် မေလ နှောင်းပိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြင့် ပြင်းထန်လာသော ဆန္ဒပြမှုများကို တုံ့ပြန်နှိမ်နင်းခဲ့သည်။

ဇွန် ၃ ရက်နှင့် ၄ ရက်နေ့များတွင် တရုတ်စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြနေသူနှင့် ရပ်ကြည့်နေသူအများအပြားကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required