နွားထိုးကြီးမြို့နယ် လက်ဝဲရွာ စစ်ကောင်စီသတင်းပေးဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

နွားထိုးကြီးမြို့နယ် လက်ဝဲရွာ စစ်ကောင်စီသတင်းပေးဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

ဇွန် ၇

မန္တလေးတိုင်း ၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် လက်ဝဲကျေးရွာနှင့် မြင်းနီကျေးရွာများတွင် လှုပ်ရှားနေသည့် စစ်ကောင်စီသတင်းပေးဆိုသူ ကုလား(ခ) စောထွေးအောင် ကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

“အသက်ကတော့ ၄၀ ဝန်းကျင်ပါ။ မိသားစု ငါးယောက်။ ကျောင်းဒလဝန် ပါ သူက။ သူက စခတွေနဲ့အတူနေတာပါ။ အိမ်တွေ ချိပ်ပိတ်တာတို့ ဘာတို့ဆို သူက ရွှေရှာစက်တွေ ဘာတွေနဲ့ သူက ရှာပေးတာ။ ပိုက်ဆံရှိတဲ့ မိသားစုတွေဆို ဖမ်းခိုင်းပြီးငွေညှစ်ခိုင်းတာ။” ဟု NPDF တာဝန်ရှိသူတစ်ဦးကပြောသည်။

ကုလား(ခ) စောထွေးအောင်သည် ဒေသခံကာကွယ်ရေးတပ်၏ ထုတ်ပြန်ချက်များကို အရေးမစိုက်ဘဲ စစ်ကောင်စီလက်အောက်ခံ သတင်းပေးလုပ်နေ၍ မေလ ၃၁ရက်နေ့ မနက် ၃နာရီ ၃၀မိနစ်ခန့်က သေနတ် ၁၃ ချက်အပစ်ခံရပြီး နေရာမှာပင် သေဆုံးခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တို့ လက်ဝဲ ရွာမှာ စကစ သတင်းပေးတွေ အများကြီးကျန်သေးတယ်။ ဒီကောင်တွေက စခ တွေနဲ့ပေါင်းပြီး ရွာရှိ NLD ဝင်တွေကို PDF ထောက်ပံ့တယ်ဆိုပြီးတော့ သူတို့ပဲပြောဆို စွပ်စွဲပါတယ်ဗျ။ ဒါကြောင့် ရွာမအေးချမ်းတာ၊ စခ တွေကလည်း ထင်တိုင်းလုပ်နေကြတာ။ “ ဟု လက်ဝဲကျေးရွာနေ ဒေသခံက ရင်ဖွင့်ပြောပြသည်။

ပြီးခဲ့သည့် ဇွန်လ ၆ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် လက်ဝဲကျေးရွာအနီးတွင် စစ်ဆေးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို NPDF အဖွဲ့မှ ဝင်ရောက်ပစ်ခတ်ရာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့သည်။

#mizzima

#နွားထိုးကြီး

#လက်ဝဲရွာ

#စစ်ကောင်စီသတင်းပေး

#သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly