အခြားနိုင်ငံများနည်းတူ ၎င်းတို့ကို ဆက်ဆံရန် နိုင်ငံတကာအသိုင်းအဝိုင်းကို စစ်ကောင်စီမျှော်လင့်

အခြားနိုင်ငံများနည်းတူ ၎င်းတို့ကို ဆက်ဆံရန် နိုင်ငံတကာအသိုင်းအဝိုင်းကို စစ်ကောင်စီမျှော်လင့်

ဇွန် ၇

စစ်ကောင်စီအနေဖြင့် အခြားနိုင်ငံများနည်းတူ ၎င်းတို့ကို ဆက်ဆံရန် နိုင်ငံတကာအသိုင်းအဝိုင်းကို စစ်ကောင်စီက ဇွန်လ ၆ရက်တွင် စာထုတ်တောင်းဆိုလိုက်သည်။

ဦးဂျင်မီ၊ ကိုဇေယျာသော်နှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို သေဒဏ်ချရန်အတွက် ဇွန်လ ၃ရက်နေ့က အတည်ပြုလိုက်သည့်အပေါ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တုံ့ပြန်မှုကို ကန့်ကွက်ကြောင်း ထုတ်ပြန်သည့် စာတွင် အဆိုပါတောင်းဆိုချက်ကို ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၃ရက်နေ့ ကုလသမဂ္ဂအတွင်းရေးမှူး၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ဆုံးဖြတ်ချက်သည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃ အရ လူတစ်ဦး၏အသက်ရှင်ခွင့်၊ လွတ်လပ်မှုနှင့် လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်ကြောင်းပြောဆိုထားသည်။

ပြင်သစ်သံရုံး၏ ဇွန်လ ၄ ရက် ကြေညာချက်ထဲတွင် “တရားမဝင်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိ ရင်ဆိုင်နေတဲ့ မြန်မာလူမျိုးတွေကို လေးစားပြီး ဆက်လက် ထောက်ခံသွားမယ်” ဟု ဖော်ပြထားသည်။

ဇွန်လ ၅ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ဒီမိုကရေစီလိုလားသည့် အတိုက်အခံ ခေါင်းဆောင်တွေကို ကွပ်မျက်မည့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်သည် လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြခြင်းဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံးကို ပြန်လွှတ်ပေးရန်တောင်းဆိုကြောင်း ပြောဆိုသည်။

ထိုသို့ပြောဆိုချက်များကို စစ်ကောင်စီကအပြင်းအထန် ကန့်ကွက်ခဲ့ပြီး ၎င်းတို့ကို တရားမဝင် စစ်အစိုးရဟုသုံးနှုံးသည့်အပေါ်တွင်လည်း ပြင်းထန်စွာကန့်ကွက်ပြီး ၎င်းတို့၏ တရားဝင်မှုသည် မေးခွန်းထုတ်ဖွယ်ရာမရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင်စစ်ကောင်စီသည် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကို ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ သံတမန်ဆက်ဆံရေးနည်းလမ်းများအတိုင်း အခြားနိုင်ငံများနည်းတူဆက်ဆံပေးရန်တောင်းဆိုထားသည်။

#စစ်ကောင်စီ

#သေဒဏ်

#အကြမ်းဖက်ဝါဒ

#တရားမဝင်သည့်စစ်အစိုးရ

#ကုလသမဂ္ဂပဋိညာဉ်စာတမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly