သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ၏ လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၂ဦးသေဆုံး၊၃ ဦးထိခိုက်ဒဏ်ရာရ

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ၏ လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၂ဦးသေဆုံး၊၃ ဦးထိခိုက်ဒဏ်ရာရ

သရက်ချောင်း၊ဇွန်လ၊ ၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ဘက်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ နှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံထံက သိရသည်။

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် အတွင်းရှိ သဲချောင်းကြီး ရဲစခန်းကို ဇွန်လ ၃ ရက် နေ့လယ်ပိုင်းက ဝင်ရောက် စီးနင်းကာ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့ သည်ဟု ဒေါင်းမင်း စစ်ဆင်ရေးပြုလုပ်သည့် (TYC-PDF) အဖွဲ့ထံက သိရသည်။

ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ PDF ရဲဘော် တစ်ဦးက“တိုက်ပွဲမှာ ကျွန်တော်တို့ PDF အဖွဲ့မှာတော့ ထိခိုက် ကျဆုံးမှု မရှိပါဘူး ။ ဒါပေမဲ့ ပြည်သူ နှစ်ဦး သေတယ်။ သုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်”ဟု ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဖွဲ့ ဘက်ကလည်း ခုနစ်ဦးထက်မနည်း သေဆုံးကာ ဦးရေ ၂၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

ဇွန်လ ၃ ရက်နေ့ နေ့လယ်ပိုင်းက သဲချောင်းကြီးရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်များက ဝင်ရောက် တိုက်ခိုက်ပြီးနောက် သရက်ချောင်းမြို့ဘက်က စစ်ကူဆင်းလာသည့် စစ်ကား လေးစီးသည် လမ်းတစ်လျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်သွားသည်ဟု ဒေသခံများက ဆိုသည်။

“စစ်တပ်က စုံစင်ဖျားရွာကနေ လက်နက်ကြီး ပစ်ခတ်ခဲ့လို့ စုံစင်ဖျားရွာက အသက် ၃၀ ဝန်းကျင် အရွယ် ဦးသက်ထွေးနဲ့ စစ်တပ် မိသားစုဝင် တစ်ဦးဖြစ်တဲ့ အသက် ၁၄ နှစ် အရွယ် မလဲ့လဲ့ဝင်းတို့ သေဆုံးသွားပါတယ်”ဟု စုံစင်ဖျားရွာက ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ ကားလေးစီး သည် သရက်ချောင်းမြို့မှအဆင်း လမ်းတစ်လျှောက် ပစ်ခတ်မှုများပြုလုပ်သည့် အတွက် ပိတိုင်ရွာက ဆိုင်ကယ်ပြင်ဆိုင်ကို ထိမှန်ခဲ့ကာ ဆိုင်ကယ်ပြင်ဆိုင်ရှိ အသက် ၁၈ နှစ် အရွယ် ရှစ်တန်းကျောင်းသား မောင်ဌေးနိုင်ဦး ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိအချိန်ထိ သတိလစ် မေ့မြောနေဆဲဖြစ်ကာ စိုးရိမ်ရကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိ သတင်းမေးမြန်းနေချိန်တွင် အဆိုပါ ဒေသတွင် တိုက်ပွဲ ပြန်လည် ငြိမ်သက်နေကြောင်း ဒေသခံထံက သိရသည်။

#တနင်္သာရီတိုင်း

#ထားဝယ်ခရိုင်

#သရက်ချောင်းမြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#လက်နက်ကြီးပစ်ခတ်

#ဒေသခံသေဆုံး

#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly