ချင်းပြည်နယ်ရှိ လူဦးရေ ၂၀ ရာခိုင်နှုန်းကျော် ငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံနေရဟုဆို

ချင်းပြည်နယ်ရှိ လူဦးရေ ၂၀ ရာခိုင်နှုန်းကျော် ငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံနေရဟုဆို

ဇွန် ၅

စစ်ကောင်စီတပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ကို ဖြတ်လေးဖြတ်ပြုလုပ်ခဲ့၍ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်မှာ ငတ်မွတ်ခေါင်းပါးမှုဖြင့်ကြုံနေရကြောင်း ဒေါက်တာဆာဆာမှ ပြောဆို လိုက်သည်။

ချင်းပြည်နယ်တွင် လူဦးရေ ၅ သိန်းကျော်ရှိသည့်အနက် ၂၀ ရာခိုင်နှုန်းဖြစ်သည့် လူ ၁ သိန်းကျော်မှာ ထိုသို့တွေ့ကြုံလာရခြင်းဟု ၎င်းကဆိုသည်။

'' ချင်းပြည်နယ်ရဲ့ လူဦးရေ ၅ သိန်းကျော်မှာ ၂၀ ရာခိုင်နှုန်းကျော်ဟာ စစ်တပ်ရဲ့အကြမ်းဖက်မှုကြောင့် အိုးမဲ့အိမ်မဲ့နဲ့ ငတ်မွတ်ခေါင်းပါးနေကြတယ်။ စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ချင်းပြည်နယ်ကို တောက်လျှောက် Slow Genocide ကျူးလွန်နေတာဖြစ်တယ်'' ဟု ဒေါက်တာဆာဆာကပြောသည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာန (MoHADM) တို့ ဇွန်လ ၄ ရက် တွင် ပူးပေါင်းကျင်းပခဲ့သည့် ချင်းပြည်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် ချင်းပြည်နယ်သည် အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်သည့်အတွက်လည်း ယခုအခါ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာ ထောက်ထားရေးတို့တွင် လိုအပ်ချက်များစွာရှိနေကြောင်း ၎င်းကဆိုသည်။

အဆိုပါအခမ်းအနားတွင် ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုဖြစ်သော မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ ဟားခါး၊ မတူပီ မှ ချင်းပြည်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်ချက်နှင့် စိန်ခေါ်မှုများကို အသီးသီးတင်ပြခဲ့ကြသည်။

အလားတူ ဆွေးနွေးပွဲကိုတက်ရောက်ခဲ့သည့် မင်းတပ်ဒေသခံတစ်ဦးကလည်း မင်းတပ်တွင် စစ်ရှောင်ဦးရေ ၃၀,၀၀၀ ရှိကြောင်းနှင့် စစ်ကောင်စီ၏ ဖြတ်လေးဖြတ်ကြောင့် တွေ့ကြုံနေရပုံများကို တင်ပြခဲ့သည်။

'' ပါရာစီတမောဆိုရင် ၁၀ လုံးထက်ပိုမသယ်ရဘူး။ ဆားတို့၊ ရှူးရှဲထုပ်တို့၊ စာအုပ်တို့၊ ခဲတံတို့ကအစအဲ့အတိုင်းပဲ။ အကန့်အသတ်နဲ့ပဲ သယ်ရတာ။ လက်နက်ကြီးထိလို့ မင်းတပ်၊ ပဒတ်ရွာက ၁၁ နှစ်အရွယ် ကလေးတစ်ယောက်ဆိုရင် ညာဘက်ခြေထောက်ဖြတ်ရပြီး ဘယ်ဘက်ပေါင်လည်း ထိထားတယ်။ ဒေသခံတွေ စီးပွားရေးအတွက် အဓိကထားမွေးတဲ့နွားနောက်တွေ အကောင် ၂၀ ကျော်ကို စစ်တပ်က ဖမ်းပြီး လမ်းမှာ စားသောက်ကြတယ်။ နွားနောက်တစ်ကောင်ရဲ့ ကာလပေါက်ဈေးက ၁၀ သိန်းနဲ့ ၁၅ သိန်းကြားမှာရှိတယ်။'' ဟု ၎င်းကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝဘေးစီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ၂၀၂၂ မတ်လအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခဲ့ပြီးသော ဆောင်ရွက်ချက်များကိုတင်ပြခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းခဲ့သည့်အချိန်မှစ၍ မြန်မာနိုင်ငံရှိ လူဦးရေ ၅၄ သန်း ထဲမှ တစ်ဝက်မှာ ငတ်မွတ်ခေါင်းပါးခြင်းအနေအထားရောက်ရှိနေရကြောင်း ဆိုသည်။

ထို့အပြင် အထက်ပါစာရင်းထဲမှ လူဦးရေ ၁၄.၄ သန်းမှာ လူသားချင်းစာနာထောက်ထားမှုကို လိုအပ်လျက်ရှိနေကာ လူဦးရေ ၁၃.၂ သန်း မှာ စားဝတ်နေရေး (Food Security)၊ လူဦးရေ ၂.၅ သန်းမှာ ကျန်းမာရေး၊ လူဦးရေ ၅.၄ သန်းမှာ ပညာရေး အကူအညီများလိုအပ်လျက်ရှိနေကြောင်းသိရသည်။

အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ဒေါက်တာဆာဆာ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ NGOs မှ တာဝန်ရှိသူများ၊ ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

#ချင်းပြည်နယ်

#ငတ်မွတ်ခေါင်းပါးမှု

#ဖြတ်လေးဖြတ်

#စစ်ကောင်စီတပ်

#အမျိုးသားညီညွတ်ရေးအစိုးရ

#ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ

#လူသားချင်းစာနာထောက်ထားရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly