ဆောမြို့နယ်က ဖမ်းဆီးခံရသည့် ဆီမီးရွာသား ၄ဦးကို ကပစ (၂၅ )စစ်ကြောရေးသို့ပို့ဆောင်

ဆောမြို့နယ်က ဖမ်းဆီးခံရသည့် ဆီမီးရွာသား ၄ဦးကို ကပစ (၂၅ )စစ်ကြောရေးသို့ပို့ဆောင်

ဇွန် ၄

မကွေးတိုင်း၊ ဆောမြို့နယ် ၊လောင်းရှည်ဒေသ ဆီမီးကျေးရွာမှ အပြစ်မဲ့ပြည်သူ လေးဦးနှင့် ခရီးသွားပြည်သူ တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း LaungSheRegional- PDF က သတင်းထုတ်ပြန်ထားသည်။

ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး (ကပစ) (၂၅) တပ်မှ အင်အား၆၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဆီမီးကျေးရွာရှိ လူနေအိမ်များကို ဝင်ရောက်ရှာဖွေပြီး မေလ ၃၁ ရက်နေ့က အပြစ်မဲ့ ပြည်သူ လူငယ်သုံးဦးနှင့် အမျိုးသမီး တစ်ဦး ကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“PDF ကို ထောက်ပို့လုပ်ပေးတဲ့ရွာလို့ စွပ်စွဲတာပါ။ ဒလန်ရဲ့တိုင်ကြားမှုကြောင့်ပါ ။ ဆီမီးရွာကို အခုနဲ့ဆို ဝင်တာလေးကြိမ်ရှိပါပြီ။ အခုခေါက်မှာတော့ အပြစ်မဲ့ရွာခံ လူငယ်သုံးဦးနဲ့ အမျိုးသမီး တစ်ဦးကို မတရားဖမ်းဆီးပြီး ခရီးသွားတစ်ယောက်ပါ ဖမ်းသွားတာပါ” ဟု LSRPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ စုစုပေါင်း ငါးဦးထဲမှ အမျိုးသမီး တစ်ဦးအား လောင်းရှည်တွင် အကျယ်ချုပ်ဖြင့်ထားရှိကာ ကျန်လူငယ်လေးဦးကို ကပစ (၂၅) တပ်သို့ စစ်ကြောရေးပြုလုပ်ရန် ပို့ဆောင်ကြကြောင်း ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကပစ (၂၅) စစ်ကြောရေး၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ခရီးသွားပြည်သူ ကိုအောင်ကိုလင်း (ခ) ငဘန် မှာ သေဆုံးခဲ့ရပြီး ရုပ်အလောင်းအား ချက်ချင်းမြေမြှုပ် ဖျောက်ဖျက်ခဲ့သည်ဟု LaungSheRegional- PDFထံက သိရသည်။

လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သည် အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုအား ပြင်းထန်စွာ လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ ညီညီညွတ်ညွတ် အခက်ခဲများကို ဖြတ်ကျော်နိုင်ရန် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အသိပေးထားပါသည်။

#မကွေးတိုင်း

#ဆောမြို့နယ်

#လောင်းရှည်ဒေသ

#ဆီမီးကျေးရွာ

#စစ်ကောင်စီတပ်ဖွဲ့

#ဒေသခံများဖမ်းဆီးခံရ

#စစ်ကြောရေးပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly