စစ်ကောင်စီတပ် စစ်ပွဲ၌ စတင် ရှုံးနိမ်နေပြီလား

စစ်ကောင်စီတပ် စစ်ပွဲ၌ စတင် ရှုံးနိမ်နေပြီလား

ဇွန် ၃

မေလတွင် စတင်သည့် အနောက်တောင်မုတ်သုံကြောင့် တောတွင်းစစ်ပွဲများ ထုံးစံအားဖြင့် ရပ်နားလေ့ရှိရာ မြန်မာနိုင်ငံတွင် အလယ်ပိုင်း မြေပြန့်လွင်ပြင်များနှင့် ပတ်လည်ကုန်းမြင့်ဒေသများ၌ ယခုနှစ် တိုက်ပွဲများ မိုးကြောင့် အနည်းငယ် ရပ်စဲလာမည် ဖြစ်သည်။

နေပြည်တော် အာဏာသိမ်းအုပ်စုအား လူထုလိုလားသော ခုခံတော်လှန်ခြင်းများသည် အရေအတွက် ကြီးထွားလာသလို အတွေ့အကြုံလည်း မြင့်တက်လာနေသည်။ ကိုယ့်ပြည်သူအပေါ် ပြန်လည်စစ်ဆင်နေသည့် စစ်တပ်သည် နိုင်ငံရေး တဖက်ပိတ်ခြင်းဆီ ကျရောက်နေပြီး နောက်ကြောင်းပြန်လှည့်မည့်ပုံမရှိသော ကျယ်ပြန့်လာနေသည် ပဋိပက္ခတိုက်ပွဲများမှာ အရေးကြီးသော အပိုင်းသို့ ရောက်ရှိလာနေပြီဖြစ်သည်။ စစ်တပ်အုပ်ချုပ်ရေး၏ နောက်ဆုံးပိတ် ရှင်သန်နိုင်မှုနှင့် ပတ်သက်ကာ ရေရှည်ကိုင်စွဲလာခဲ့သော ယူဆချက်များအပေါ် မေးခွန်းထုတ်စရာပင် ဖြစ်လာတော့သည်။

အရပ်သား ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးရသော နိုင်ငံအနှံ့ တိုက်ပွဲများ အရှိန်မြင့်တက်လာသည်ကို မြင်တွေ့ရသည့် ခြောက်သွေ့ရာသီ၏ ပြင်းထန်သော တိုက်ပွဲများကြောင့် လာမည့်လများ၌ စစ်ပွဲ၏ ပုံစံနှင့် ရေရှည်လမ်းကြောင်းကို ဆုံးဖြတ်ပေးမည့် အရှိတရားနှစ်ရပ် ထွက်ပေါ်လာခဲ့သည်။

ပထမ အရှိတရားမှာ နိုင်ငံ၏ တိုင်းရင်းသား ဗမာ အချက်အချာဒေသများ၌ စစ်ကောင်စီအား ဆန့်ကျင်တော်လှန်မှုများကို စစ်တပ်၏ ထိုးစစ်ဆင်ခြင်းများက မထိန်းချုပ်နိုင်တော့တာဖြစ်သည်။ အမှန်အားဖြင့်လည်း စစ်တပ်၏ ချေမှန်းရေး စစ်ဆင်ရေးတွင် လူနေကျေးရွာအုပ်စုများကို မီးရှို့ခြင်းနှင့် လုယက်ခြင်းများ ကျူးလွန်ခြင်းသည် မခံမရပ်နိုင်သော လက်နက်ကိုင် ဆန့်ကျင်မှုများ တိုး၍ ဖြစ်ပွားလာစေဟန် ရှိသည်။

ဒုတိယ အရှိတရားမှာ မြို့နယ်အဆင့် စစ်ဆင်ရေး ဆင်နွှဲခြင်းသာ ဖြစ်သော်လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ် PDF များ၏ နေပြည်တော် အာဏာသိမ်းအုပ်စု ဖွဲ့စည်းသော စစ်ကောင်စီအား ဆန့်ကျင်တွန်းလှန်မှုများသည် အရေအတွက် ပိုများလာကာ ပို၍ ဖွဲ့စည်းမှု အားကောင်းလာပြီး လက်နက်များလည်း အဆင့်တစ်ခုထိ ပိုကောင်းလာခဲ့သည်။

ထိုအရွေ့များသည် စီးပွားရေးနှင့် သံတမန်ရေး၌ အကျပ်ရိုက်နေပြီးသားဖြစ်သော အာဏာသိမ်းအုပ်စုအတွက် နိမိတ်ကောင်းများတော့ ဖြစ်မနေပေ။ အာဏာသိမ်းအုပ်စု စစ်ကောင်စီသည် အကောင်းဆုံးသော နိုင်ငံရေးလမ်းပြမြေပုံအဖြစ် ၂၀၂၃ ဩဂုတ်လတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးကို ပစ်မှတ်ထားထားသည်။ အရပ်သား အစိုးရ ဖွဲ့စည်းနိုင်ရေးနှင့် နိုင်ငံတကာ အသိအမှတ်ပြုမှု အနည်းငယ် ပြန်လည်ဆောင်ကြဉ်းနိုင်ရေး ကြိုးပမ်းရာ၌ စစ်တပ်ကို အကျိုးပြုသော ရွေးကောက်ပွဲ စည်းမျဉ်းသစ်များအောက်က မဲရလဒ်နှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တည်ငြိမ်မှုတို့သည် ၎င်းတို့အတွက် Plan A ပဲ ဖြစ်သည်။ Plan B ကိုတော့ သိမြင်ရခြင်း မရှိပေ။

စစ်တပ်ခေါင်းဆောင်ပိုင်းကိုယ်တိုင် သံသယ မဝင်သေးသကဲ့သို့ ၎င်းတို့၏ လက်နက်ကိုင် အဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအား ကာကွယ်စောင့်ရှောက်သူနှင့် အမျိုးသားရေးစိတ်ဓာတ်၏ ပြယုဂ်ဖြစ်သည်ဟု ရေရှည်စွဲကိုင်ထားခြင်းသည် မျှော်လင့်ချက်မဲ့စရာအဖြစ် ရှုမြင်ဖို့ရန်မှာ လုံးဝ အမှားတစ်ခု ဖြစ်ပေလိမ့်မည်။

သို့ရာတွင် စစ်ပွဲနယ်မြေများနှင့်အလွန်က ဖြစ်ရပ်များ၏ လက်ရှိ ဆုံချက်များက ပြသနေသည်မှာ စစ်ကောင်စီသည် အဆုံးသတ်၌လည်း မှိန်ဖျော့သွားမည့်ပုံ မရသော တစစ ယိုယွင်းလာနေသော လုံခြုံရေးကြောင့် တိုး၍ ချောက်ချားလာနေသည် ဆိုခြင်းပဲ ဖြစ်တော့သည်။

ခြောက်သွေ့ရာသီ ဝရုန်းသုန်းကား

၂၀၂၁ နှောင်းပိုင်းမှ စတင်ပြီး ခြောက်သွေ့ရာသီတစ်လျှောက် နိုင်ငံ၏ အချက်အခြာဒေသ အများစု၌ ဖြစ်ပွားသော ဖရိုဖရဲ ဆူပူအကြမ်းဖက်မှုများကို စစ်တပ်က သိမြင်နားလည်နိုင်ရန်မှာ စိန်ခေါ်မှု ဖြစ်လျက်ရှိသည်။

နိုင်ငံ၏ ကျယ်ပြန့်သော နယ်မြေများတစ်လွှားက တိုက်ခိုက်မှုများနှင့် ပွစာကြဲနေပြီး ကြိမ်ဖန်များစွာ ဖြစ်ပွားသော ထိပ်တိုက်တွေ့မှုများသည် အဆက်အစပ်ရှိသော ဆန်းစစ်လေ့လာခြင်းအတွက် ခက်ခဲရှုပ်ထွေးစေသည်။ ပြင်ပကမ္ဘာမှ အများအားဖြင့် လက်လှမ်းမမီနိုင်သော ပြည်တွင်းစစ်တစ်ရပ်၏ ရှေ့တန်းအကြောင်း သမာသမတ်ကျသော သတင်းတင်ဆက်နိုင်မှု၌လည်း အားနည်းချို့တဲ့လျက် ရှိနေသည်။

သို့ရာတွင် နေ့စဉ်ဖြစ်ရပ်ဖြစ်စဉ်များကို စောင့်ကြည့်ထောက်လှမ်းခြင်းအရ ရှင်းရှင်းလင်းလင်း ညွှန်ပြနေသည်မှာ စစ်ကိုင်းနှင့် မကွေးတိုင်းတို့ ပါဝင်ဖွဲ့စည်းသော နိုင်ငံအနောက်ပိုင်းက မဟာဗျူဟာကျ အရေးပါသော ဇုန်သည် ပဋိပက္ခတိုက်ပွဲ၏ ကျယ်ပြန့်သော ဗဟိုချက် ဖြစ်လာသည်။ ယင်းဒေသသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖြုတ်ချခံ NLD အစိုးရအား အားပေးထောက်ခံရာ အစဉ်အလာ ဒေသဖြစ်ပြီး အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးအထိပင် ဖြစ်သည်။

တိုက်ပွဲများ အများစု ဖြစ်ပွားနေသည်မှာ မန္တလေး၊ မုံရွာနှင့် ပခုက္ကူစသော မြေပြန့်ဒေသ ခံတပ်မြို့များနှင့် ချိတ်ဆက်သော အဓိက လမ်းများနှင့် မြစ်ကမ်းများတစ်လျှောက်မှသည် အနောက်ပိုင်းတွင် ချင်းပြည်နယ်၊ မြောက်ပိုင်းတွင် ကချင်ပြည်နယ်အထိ တိုင်းရင်းသား တော်လှန်ရေးတပ်များ ကြီးစိုးရာ ကုန်းမြင့်ဒေသများအထိ ဖြစ်သည်။

အဆိုပါ ဇုန်နယ်မြေတစ်လွှားတွင် နေ့စဉ် တိုက်ပွဲကြီးငယ်များ အထိုင်ကျ ဖြစ်ပွားနေပြီး အကြမ်းဖက်မှုအား တန်ပြန်အားပြိုင်မှုအဖြစ် ပြောင်းလဲလာခဲ့ရာ စစ်တပ်အတွက် အကြောင်းနှင့် အကျိုး ခွဲခြားနိုင်ရန် ခက်ခဲမှု ဖြစ်စေသည်။

မြို့နယ် အချက်အခြာများနှင့် အဓိက ခံတပ်ကွပ်ကဲရေးရုံးများတွင် အခြေစိုက်ပြီး စစ်တပ်သည် PDF များအား ထောက်ခံသည်ဟု ယူဆသော ကျေးရွာအုပ်စုများကို ဒဏ်ခတ်စီးနင်းခြင်းများ ဆောင်ရွက်လာသည်။ တော်လှန်ရေး တပ်သားများနှင့် ဆက်စပ်ပြီး အရပ်သားများအား သတ်ဖြတ်နေသလို အိမ်ခြေရာခြေများကိုလည်း မီးရှို့ကြသည်။

ယင်းသို့သော စစ်ဆင်ရေးများကို ပျူစောထီးများ၊ စစ်မှုထမ်းဟောင်းများ၊ အမာခံအမျိုးသားရေးသမားများနှင့် စစ်တပ်၏ လွှတ်တော်ကြိုးဆွဲရာ ပြည်ခိုင်းဖြိုးပါတီ အမာခံများ၏ မကြာခဏ ကျောထောက်နောက်ခံပြုမှုဖြင့် စစ်သည် ၅၀ မှ ၁၀၀ ကြားဖြင့် အများအားဖြင့် ကျူးလွန်ကြခြင်း ဖြစ်သည်။

ရှားရှားပါးပါး ဖြစ်စဉ်များတွင် PDF စခန်းများနှင့် စုဖွဲ့ရာများဟု သတ်မှတ်ရာသို့ ရဟတ်ယာဉ်၊ လေယာဉ်တို့ဖြင့် စစ်ကောင်စီတပ်များကို လာရောက်ချထားပေးခြင်းများလည်း ရှိသည်။ သို့ရာတွင် ဟောင်းနွမ်းနေပြီဖြစ်သော ပိုလန်ထုတ် Mi-2 နှင့် ပို၍ ခေတ်မီသော ရုရှထုတ် Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ ရှားပါးပြတ်လပ်မှုက ရှိနေသည်။ ထိုအတွက်ကြောင့် စံချိန်စံနှုန်းမီ နည်းဗျူဟာဖြစ်နိုင်သည့် ခေတ်မီတပ်များ၏ တန်ပြန်အကြမ်းဖက် ချေမှုန်းရေးအတွက် လေကြောင်းမှ တပ်အင်အား ချထားမှုတွင် အကန့်အသတ် ရှိနေတော့သည်။

ထောက်ကူခြင်း၊ သယ်ပို့ခြင်းနှင့် သေဆုံးထိခိုက်သူများအား ကယ်ထုတ်ခြင်းတို့ကို နိုင်ငံအနှံ့ အတိုင်းအတာဖြင့် ဆောင်ရွက်ရန်အတွက် လေတပ်တွင် တာဝန်ချထား အသုံးပြု၍ ရနိုင်သည့် ရဟတ်ယာဉ်မှာ ၃၀ ကျော်ပင် မရှိထားပေ။ ထို ရဟတ်ယာဉ်များမှာလည်း ၁၁ စီးသာ ရှိသော ရုရှထုတ် လက်နက်အပြည့်တပ်ဆင်သော Mi-24/Mi-35 စစ်လေယာဉ်များ၏ စစ်ဆင်ရေးများတွင် အားဖြည့်ရန် တစ်ခါတစ်ရံ တိုက်ခိုက်ရေးကဏ္ဍ၌ ပါဝင်ရသည်။

PDF အားလုံးနီးပါးအား စစ်တပ်၏ ချင်းနင်းတိုက်ခိုက်ခြင်းများကို နှောင့်ယှက်တိုက်ခိုက်ရန် အရွယ်စုံနှင့် ထိရောက်မှု အမျိုးမျိုးရှိသော IEDs ဖောက်ခွဲရေးပစ္စည်းများကို အဓိက အားထားနေရသည်။ စစ်တပ်အား ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းသည် တိုက်ရိုက်ဆိုသလို လက်နက်အင်အားနှင့် လူအင်အားအပေါ် မူတည်နေသည်။

လက်နက်ချို့ငဲ့ရှာသော အုပ်စုများသည် စစ်တပ်၏ စီးနင်းခြင်းများကြောင့် ထုံးစံအားဖြင့် ပျောက်ကွယ်ရခြင်း သို့မဟုတ် တိမ်းရှောင်ထွက်ပြေးသော အရပ်သားများအား ကူညီပေးရန် ကြိုးပမ်းမှုများအပေါ် ဦးတည်လာခြင်းများ ရှိလာကြသည်။ အလွန် ထူးထွေသော ဖြစ်စဉ်များတွင်မူ လက်နက်ကောင်းမွန်သော PDF များက ကျူးကျော်လာသော စစ်ကောင်စီတပ်များနှင့် ထိပ်တိုက်တိုက်ပွဲ ဆင်လာနိုင်ခြင်းပင် ဖြစ်သည်။ ထို ထိပ်တိုက်တိုက်ပွဲများသည် ပြီးခဲ့သည့်နှစ်က မိနစ်အနည်းငယ်လောက်သာ စစ်ဆင်နိုင်ကြခြင်း ဖြစ်သော်လည်း မကြာသေးသော လများအတွင်း နာရီအတော်ကြာ စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်လာနိုင်ခြင်းကြောင့် တိုက်ပွဲမြေပြင်အခြေအနေ အရွှေ့ဟု ဆိုရမည် ဖြစ်သည်။

အခါအားလျော်စွာ စစ်တပ်တပ်ရင်းများသည် လေကြောင်းပစ်ကူ လိုအပ်ချက်နှင့် မြေပြင်စစ်ကူ အားဖြည့်ခြင်းကို အားထားနေရသည်။ မြေပြင်တပ်များမှာလည်း မကြာခဏဆိုသကဲ့သို့ ချုံခိုတိုက်ခိုက်ခံနေရသည်။ အရှိန်မြင့်တက်နေသော တိုက်ပွဲများအတွင်း တော်လှန်ခုခံစစ်၏ အောင်မြင်မှုသည် အနီးနားက ကျေးရွာများကို နောက်ထပ် လက်စားချေတိုက်ခိုက်ခံရမှုများ ဖြစ်ပွားပေါ်ပေါက်စေသည်။

ခြောက်သွေ့ရာသီအတွင်း အတောမသတ် ဟိုသည်တစ ဖြစ်ပွားပေါ်ပေါက်သော ထိုသို့သော တိုက်ပွဲများကို ခြုံငုံအကဲဖြတ်ချက်အရ ကျယ်ပြန့်သော ကောက်ချက် လေးရပ်ကို ချနိုင်မည် ဖြစ်သည်။

ပထမအချက်မှာ စစ်တပ်၏ စီးနင်းမှုများသည် PDF ၏ လှုပ်ရှားမှုများကို ဖရိုဖရဲ ဖြစ်စေရာ၌ အောင်မြင်ပြီး ရံဖန်ရံခါ အခြေစိုက် စခန်းများကို ဝင်ရောက်ဖျက်ဆီးနိုင်ခြင်းနှင့် လက်နက်များလည်း သိမ်းဆည်းရမိခြင်းများ ရှိသည်။ သို့ရာတွင် ပြီးခဲ့သည့်နှစ်က ကြီးမားစွာ ပြိုလဲခဲ့သော အရပ်ဘက်အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းနိုင်ဖို့ နေနေသာသာ စစ်တပ်သည် မြေပြင် ထိန်းချုပ်နိုင်ရေး၌ အပြောင်းအလဲမရှိ အရေးနိမ့်လျက် ရှိနေသည်။

ပျူစောထီးအဖွဲ့ဝင် မိသားစုများ ကြီးစိုးထားသော အဓိကလမ်းမများပေါ်က ကျေးရွာအစု လက်တဆုပ်စာကလွဲလျှင် ကျေးလက်နယ် ကုန်းတွင်းပိုင်းများ ဆုံးရှုံးနေသည့် တစ်နိုင်ငံလုံးကို တပ်ဖြန့်နိုင်ရန်အတွက် ရုန်းကန်နေရခြင်းကြောင့် စစ်တပ်သည် သေရေးရှင်ရေးသမျှ လူသားရင်းမြစ် ရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။

စင်စစ်အားဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ကြီးစိုးနိုင်မှု တိုးပွားလာသော ကုန်းတွင်းပိုင်းက ပဋိပက္ခများ သက်ရောက်နေရာ မြို့နယ်အများစုတွင် အချို့သော နယ်မြေများ၌ ပြည်သူစီမံခန့်ခွဲရေး အဖွဲ့အစည်း ပုံစံဖြင့် အစိုးရယန္တရားတစ်ရပ်ကို သန္ဓေတည် စတင်ဖွဲ့စည်းခြင်းများ ရှိလာပြီး အချို့ကို အဝေးရောက်အစိုးရ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဘဏ္ဍာငွေ မတည်ပေးခြင်းများ ရှိနေသည်။

ဒုတိယကောက်ချက်မှာ ခက်ခဲကြမ်းတမ်းသော သင်ခန်းစာများက ပို၍ ကောင်းမွန်ပြီး စနစ်ကျသော စစ်ရေးအရ တုံ့ပြန်မှုများကို ထုသားပေသား ကျစေခြင်း ဖြစ်သည်။ လိုသည်ထက်ပို၍ ကွဲပြားနေသော အုပ်စုများကြား တောင့်တင်းခိုင်မာစွာ ပေါင်းစည်းခြင်းက အနည်းငယ်သာ ရှိသည့်ဟန် ပေါ်သော်လည်း ပြီးခဲ့သည့်နှစ်ကမှ တဟုန်ထိုး တိုးပွားလာသည့် PDF များသည် တိုက်ပွဲဝင်စစ်သည် ရာနှင့်ချီကို ဖြည့်တင်းနိုင်သည့် သင့်ရာမဟာမိတ် ဖွဲ့ခြင်းများကို မကြာမကြာဆိုသလို အောင်မြင်ခဲ့သည်။ NUG နှင့် ပေါင်းစည်းထားသည့် အဖွဲ့များလား၊ လွတ်လပ်စွာ တည်ရှိနေဆဲ အဖွဲ့များလားဆိုခြင်းက အရေးမကြီးပဲ ထို အင်အား စုဖွဲ့မှုအရွေ့က ဖြစ်ပေါ်လာဟန် ရှိသည်။

နောက်ထပ် အရေးကြီးသော အဆင့်တစ်ရပ်မှာ ပုံပြင်ဆန်သော သက်သေများက ပြသနေသည်က ခြောက်သွေ့ရာသီ ကာလများ၌ စစ်လက်နက်ဖြည့်တင်းခြင်းများတွင် မငြင်းပယ်နိုင်အောင် အားကောင်းခြင်းကို မြင်တွေ့ရခြင်းပင် ဖြစ်သည်။ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာ အသိုင်းအဝိုင်းသို့ မကြာသေးခင်က မေတ္တာရပ်ခံချက်များသည် ခေတ်မီလက်နက်များကို အရေးတကြီး လိုအပ်နေကြောင်း မီးမောင်းထိုး ပြသနေသည်။

သို့ရာတွင် PDF အများစုအတွက်တော့ ပြီးခဲ့သည့်နှစ်က အမဲလိုက်ရိုင်ဖယ်များသာ ကိုင်စွဲခဲ့ရသည့်နေရာတွင် သိမ်းဆည်းရမိသော တိုက်ပွဲဝင်ရိုင်ဖယ်များ၊ ကိုယ်တိုင်ထုတ် ဒုံးကျည်စနစ်များနှင့် လက်နက်ငယ်အမျိုးမျိုးတို့ကို ဖြည့်တင်းလာနိုင်ခဲ့သည်။ နီးကပ်သော လူနည်းစု တိုင်းရင်းသားများ ကြီးစိုးရာ ဒေသများမှ လက်နက်ထောက်ကူမှုများ ရရှိခြင်းဖြစ်ပြီး အထူးသဖြင့် ကိုယ်ပိုင်လက်နက် ထုတ်လုပ်နိုင်စွမ်းရှိသည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရှိရာ ကချင်ပြည်နယ်မှ ဖြစ်သည်။

PDF တပ်များသည် RPG များ၊ ၄၀ မမ လောင်ချာများနှင့် ၆၀ မမ မော်တာကျည်များဖြင့် စစ်ကောင်စီတပ် တည်နေရာများကို တိုက်ခိုက်လာကြကြောင်း လက်ရှိတွင် မထူးဆန်းတော့ပြီဖြစ်သော သတင်းများက ဖော်ပြနေသည်။ စစ်တပ် တပ်ချထားရာနှင့် တပ်စခန်းများကို ဈေးကွက်၌ ရရှိနိုင်သော ဒရုန်းများကို သုံးကာ ဗုံးလက်နက်များ ပစ်ချတိုက်ခိုက်ခြင်းသည် လက်ရှိအချိန်၌ ပုံမှန် နည်းဗျူဟာ ဖြစ်လာခဲ့သည်။ ယင်းကြောင့် စစ်တပ်သည် တတ်နိုင်သော နေရာများ၌ တရုတ်ထုတ် ဒရုန်းဖျက် jammer များကို မကြာသေးခင်က ဖြန့်ကြက်လာခဲ့ရသည်။

တတိယ ကောက်ချက်မှာ ကျေးလက်တောနယ်ဒေသများတွင် တိုက်ခိုက်မှုများ အများဆုံး ဖြစ်ပွားသော်လည်း PDF များသည် ၎င်းတို့၏ ရန်သူကို စစ်ဆင်နိုင်စွမ်း တိုးမြင့်လာနေခြင်း သည်။ ပုလဲ၊ ဘုတလင်နှင့် ပင်လည်ဘူးတို့အပြင် စစ်တပ်၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်တို့ အသီးသီး ရှိနေသော မုံရွာနှင့် ပခုက္ကူတို့အပါအဝင် မြို့နယ် အချက်အခြာများရှိ ရဲစခန်းများနှင့် စစ်တပ်တပ်ချရာ နေရာများကို တိုက်ခိုက်လာသည်ဆိုသော သတင်းအသီးသီးကို မကြာသေးသော သီတင်းပတ်များအတွင်း ကြားသိလာရသည်။

နောက်ဆုံး ကောက်ချက်ချရမည်မှာ လှည့်လည်သောင်းကျန်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် အစုအဖွဲ့များ၏ ဧပြီမှသည် မေလအတွင်းထိ အရှိန်မြင့် ကျူးလွန်သော ကျေးရွာရပ်ကွက်စုများအား အလုံးစုံ မီးရှို့ကြခြင်းသည် မေးခွန်းတစ်ရပ် ဖြစ်လာခြင်းပင် ဖြစ်သည်။ ထိုသို့ မီးရှို့ကြခြင်းများသည် ဒေသအလိုက် လက်တုံ့ပြန်ခြင်း၏ ဘေးထွက်ဆိုးကျိုး ဆိုခြင်းထက် ဒေသခံများအား ရှင်းလင်းဖယ်ရှားပစ်သည့် စစ်တပ်၏ ဆက်စပ်လွှမ်းခြုံသော မဟာဗျူဟာ ဖြစ်လာပြီလားဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်လာတော့သည်။

ခုခံတော်လှန်မှု အားကောင်းသော အချို့သော ဒေသများ၌ အုတ်ခံအဆောက်အအုံများပင် မီးလောင်ကျွမ်းသည့်အထိ ကျိန်းသေစေရန် စစ်ကောင်စီ တပ်ရင်းများက တမင်သက်သက် ဓာတ်ဆီလောင်း မီးရှို့ကြသည်ဆိုသော သတင်းများလည်း ရှိနေသည်။ တော်လှန်ရေးအဖွဲ့များအား ဒေသခံများက ထောက်ပံ့နေခြင်းကို ဟန့်တားနိုင်ရေး သက်သက် မဟုတ်ဘဲ ထောက်ပံ့ပို့ဆောင်ရေးနှင့် စည်းရုံးရေးတို့တွင် PDF များအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရန် စစ်ကောင်စီတပ်သည် စနစ်တကျ မီးလောင်တိုက်သွင်းခြင်း ပေါ်လစီကို ကျင့်သုံးနေခြင်း ဖြစ်ဖွယ်ရာ ရှိသည်။

လက်ရှိတွင် နှစ်ဖက်စလုံး၌ ရှင်းရှင်းလင်းလင်း ဖြစ်တည်နေပြီဖြစ်သော ပဋိပက္ခ၏ နောက်ခံအခင်းအကျင်းအရဆိုလျှင် လာတော့မည့် မိုးရာသီ၌ တိုက်ပွဲများ တန့်ရပ်မည့်အရေးက ဖြစ်နိုင်ခြေ မရှိသလောက်ပင်။

သို့ရာတွင် ကျေးလက်လမ်းများ ရွံ့နွံ့ထူပြီး နိမ့်ဆင်းသည့် မိုးတိမ်တောင်များကြောင့် လေကြောင်းစစ်ဆင်ရေး တိုးမပေါက်ခြင်းများ ရှိလာမည်ဖြစ်ရာ လာမည့်လများတွင် စစ်တပ်စစ်ဆင်ရေးများ အဟန့်အတား ရှိလာမည်က မလွဲဧကန်ပဲ ဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်က အစပျိုးစသာ ရှိခဲ့သော ထောက်ခံမှု ရနေသည့် ပြောက်ကျားတပ်ဖွဲ့များမှာမူ လက်ရှိတွင် နယ်မြေဧရိယာအများစု၌ အတော်လေး အခြေခိုင်နေပြီ ဖြစ်သည်။

ထိုအတွက် စစ်ကောင်စီတပ်၏ စစ်ဆင်ရေး အဝန်းအဝိုင်း ကျုံ့သွားရမည်က သေချာနီးပါးပင် ဖြစ်တော့သည်။ မိုးတွင်း၌ လှုပ်ရှားဆောင်ရွက်မှုများ အခက်အခဲ မကြုံရခင် ကချင်ပြည်နယ် မြောက်ဖျားက ပူတာအိုကဲ့သို့သော သီးခြားဖြစ်သည့် အမာခံနယ်မြေများဆီ လက်နက်ရိက္ခာများ ကုန်းလမ်းနှင့် မြစ်ချောင်းများမှ သယ်ယူထောက်ပို့လျက်ရှိသည်။ သို့ရာတွင် လက်ရှိ၌ စစ်တပ်က သိမ်းပိုက်ထားသော မြို့နယ်ရဲစခန်းများကဲ့သို့သော ပို၍ ဟာလာဟင်းလင်းဖြစ်သည့် အစွန်အဖျား တပ်ချရာ နေရာများသည် စွန့်ပစ်ထားသွားခြင်း သို့မဟုတ် သိမ်းပိုက်ခံရမည့် ဘေးများ ရှိလာမည် ဖြစ်သည်။

မေလအတွင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ တောင်ဘက် ညောင်ရွှေမြို့နယ်က စစ်တပ်စခန်းတစ်ခုနှင့် ထိုင်းနိုင်ငံနယ်စပ်နားက ပို၍ကြီးမားသော စခန်းတစ်ခုတို့ ကျသွားရခြင်းသည် လူအင်အား မလုံလောက်သော သီးခြား စစ်တပ်စခန်းများ မကြာမီ မည်သို့ ကြုံတွေ့လာနိုင်သည်ကို လျှပ်တပြက်ဓာတ်ပုံက ပြသလျက် ရှိနေသည်။

သီအိုရီအရ အနည်းဆုံးတော့ လာမည့်လများ၌ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု လုပ်ငန်းစဉ်များ ကျုံ့ခြင်းသည် အများပြည်သူ လိုလားသော တော်လှန်ရေးတပ်များအတွက် စုဖွဲ့မှုနှင့် လေ့ကျင့်မှုကို ပို၍ ကောင်းမွန်စေပြီး ပြင်းထန်သော ထိုးစစ်စစ်ဆင်မှုများကို အစပြုလာနိုင်စေမည် ဖြစ်သည်။ ထိုအတွက် တပြန်တလှည့်အနေဖြင့် ခေတ်သစ် ပြောက်ကျားတိုက်ပွဲများက စစ်ပွဲ၏ အရွေ့ကို ဖော်ဆောင်လာဖြစ်ဖွယ်ရာ ရှိသည်။

စစ်ပွဲဟန်ချက်

အောင်မြင်သော ကျေးလက်အခြေစိုက် ပုန်ကန်မှုတွင် အဆင့် သုံးရပ် ရှိကြောင်း တော်လှန်ရေး ပြောက်ကျားစစ်မက်ရေးရာ စံပြစည်းမျဉ်းများကို မော်စီတုန်းနှင့် ဗိုငုယင်ဂီယက်တို့က ရေးသားခဲ့သည်။

ပထမအဆင့်တွင် အာဏာလက်ရှိ အစိုးရက ချေမှုန်းပစ်ရန် စိုင်းပြင်းနေသည့်ကြားမှ လူထုလိုလားသော တော်လှန်ရေးသည် မဟာဗျူဟာ ခုခံကာကွယ်ရေးအဆင့်၌ ရှိခြင်း ဖြစ်သည်။ ဒုတိယ အလယ်အလတ်အဆင့်မှာ အတိုက်အခံများက စစ်ရေးနှင့် နိုင်ငံရေး အင်အားတို့ဖြင့် အစိုးရအား ဖြုတ်ချနိုင်ရေး ကြိုးစားနေစဉ် အစိုးရ၏ ထိန်းချုပ်နိုင်ရေး စွမ်းဆောင်ရည် ပျောက်ဆုံးလာသော မဟာဗျူဟာ ညီမျှခြေ၌ ရောက်ရှိနေသော အဆင့်ဖြစ်သည်။

နောက်ဆုံးအဆင့်မှာ ထုံးစံအားဖြင့် မဟာဗျူဟာ ထိုးစစ်ဆင်သည့် အဆင့် ဖြစ်ပြီး ပြောက်ကြားအဖြစ် ရေရှည် မတိုက်ခိုက်တော့ဘဲ စုဖွဲ့မှု ပိုကြီးလာသည့် အတိုက်အခံ အင်အားစုများသည် အဓိက မြို့ကြီးများကို ပိတ်ဆို့ရန် အစိုးရ အင်အားစုများကို တဖြည်းဖြည်း ဘောင်ခတ်လာပြီး အဓိက ဆက်သွယ်ရေး အားလုံးကို ထိန်းချုပ်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အခြားသော စစ်နယ်ဝန်းများက စစ်ပွဲများကို ၎င်းတို့က ပုံဆောင်ပြောရာ၌ အဆိုပါ အဆင့်သုံးရပ်မှာ ကွဲပြားသော ဒေသဆိုင်ရာ အနေအထားပေါ်မူတည်ပြီး ဘယ်တော့မှ သပ်ရပ်စွာ အစီအစဉ်တကျ ဖြစ်ပေါ်နိုင်ခြင်း မရှိသကဲ့သို့ တခါတရံတွင်လည်း တထပ်တည်းကျ ဖြစ်ပေါ်လေ့ ရှိသည်ဟု ဆိုထားသည်။ သို့ရာတွင် ထုံးစံအားဖြင့် ယင်း အဆင့် သုံးရပ်၌ အရှည်ကြာဆုံးနှင့် အရှုပ်ထွေးဆုံးအဆင့်သည် မဟာဗျူဟာ ညီမျှခြေသို့ ရောက်ရှိသည့် ဒုတိယအဆင့် ဖြစ်သည်။ ယင်းအဆင့်၌ အစိုးရအင်အားစုများအတွက် မြို့ပြအချက်အခြာများနှင့် အတိုက်အခံတို့အတွက် တောနယ်အမာခံနယ်မြေများသည် ဆက်စပ်လုံခြုံရေးအတွက် အင်အားတောင့်တင်းရာ ဇုန်များဖြစ်ကြပြီး တစ်ဖက်နှင့် တစ်ဖက် နှောင့်ယှက်တိုက်ခိုက်ရန် ကြိုးပမ်းကြသည့် အဆင့် ဖြစ်သည်။

နောက်ဆုံးအဆင့် မဟာဗျူဟာ ထိုးစစ်ဆင်ခြင်းတွင် အစိုးရစနစ်၌ စစ်တပ် တစ်စစီကွဲခြင်းနှင့် ပြိုကျခြင်းဆီ ဦးတည်ပြီး ပုံမှန်အားဖြင့် အတိုတောင်းဆုံး အဆင့်ဖြစ်ကာ စိတ်ဓာတ်ရေးရာ အသာစီးရမှုဖြင့် ပုံဖော်သော အဆင့်ပဲ ဖြစ်သည်။

ယင်းအဆင့်ကို တစ်နှစ် သို့မဟုတ် ယင်းထက် ပိုကြာစွာ ဆင်နွှဲရဖြစ်ဖွယ် ရှိသည်။ ထိုသို့မှမဟုတ်ဘဲ ၁၉၅၉ ခုနှစ်က ကျူဘားနှင့် ၂၀၂၁ က အာဖဂန်နစ္စတန်တို့လို စစ်တပ် စိတ်ဓာတ်ပျက်ပြားပြီး နိုင်ငံရေး မွဲပြာကျသည့် အစိုးရ ပြိုကွဲကာ ဒေသခံတပ်များ လက်နက်ချ၍ ခေါင်းဆောင်များ ထွက်ပြေးကြခြင်းဖြင့် သီတင်းပတ်အနည်းငယ်အတွင်း အရှိန်မြင့်ဖြစ်ပွားသွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။

အဆိုပါ အဆင့် သုံးရပ်ရှိသော တော်လှန်ရေးအစဉ်အလာဖြင့် မြန်မာနိုင်ငံက စစ်ပွဲကို ချိန်ထိုးကြည့်နိုင်မည် ဖြစ်သည်။ မည်သို့ဆိုစေ ၂၀၂၂ မိုးရာသီသည် တော်လှန်ရေးအင်အားစုများကို တစ်နှစ်ကျော်ကြာ ရှိနေခဲ့သည့် ခုခံကာကွယ်ရေးအဆင့်မှ ရှင်သန်ရေး သေချာသော၊ တောင့်တင်းခိုင်မာ ပေါင်းစည်းမှုနှင့် ကြီးထွားရင့်သန်မှုတို့ ကျင့်သုံးသော မူအတိုင်း ဖြစ်လာပြီဖြစ်သော မဟာဗျူဟာ ညီမျှခြေအဆင့်သို့ ရောက်ရှိသည့် ကာလဆီ ခွဲထုတ်ပစ်လိုက်သည့် အချက်အခြာ ဆုံမှတ်ပဲ ဖြစ်တော့သည်။

အပြန်အလှန်အားဖြင့် အစိုးရအင်အားစု ရင်းမြစ်များအတွက်မူ မိုးရာသီ၏ ဘောင်ခတ်သတ်မှတ်ချက်များကြောင့် ၂၀၂၃ ခြောက်သွေ့ရာသီတွင် မည်သို့ ကြုံဆုံဖြစ်ပေါ်လာမည်ဆိုခြင်းကို မှန်းဆနိုင်ရန် ခက်ခဲမည်ပဲ ဖြစ်သည်။ ခြောက်သွေ့ရာသီ၌ စစ်တပ်သည် အရေအတွက်များများကို တိုက်ခိုက်နိုင်မည်ဖြစ်ပြီး နည်းဗျူဟာလည်း ကောင်းမွန်ကာ နိုင်ငံတစ်ဝန်းက အတိုက်အခံများအား ခုခံကာကွယ်အဆင့်သို့ ပြန်လည်တွန်းပို့နိုင်မည့် လိုအပ်သော စစ်ရေးစိတ်ဓာတ်လည်း မြင့်မားလာလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံက တော်လှန်ရေးအင်အားစုများ၏ မဟာဗျူဟာ ညီမျှခြေအဆင့်သည် မည်မျှ ကြာမြင့်နိုင်သည် ဆိုခြင်းအား မှန်းဆနိုင်ရန် ခက်ခဲသည်။ စစ်တပ်သည် လူအင်အားရင်းမြစ် လုံးလုံးလျားလျား အကျပ်အတည်းဆိုက်နေပြီး စိတ်ဓာတ်ရေးရာလည်း အက်ကြောင်းလိုက်နေပြီ ဖြစ်လင့်ကစား အရေးပါသော စုဖွဲ့မှုနှင့် လက်နက်အင်အား အသာကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။ ခုခံတော်လှန်ရေး အင်အားစုများမှာမူ စုရုံးဖွဲ့စည်းမှု၊ လက်နက်အင်အားနှင့် ကျယ်ပြန့်သော မဟာဗျူဟာ ချိတ်ဆက်ခြင်းများတွင် လေထန်ရေဆန်ကို ရုန်းကန်နေရသည်။

သို့ရာတွင် နိုင်ငံနယ်စပ်ဧရိယာများ တလွှားက ကရင်၊ ကချင်၊ ချင်းနှင့် ကယားစ‌သော တိုင်းရင်းသားတပ်များ၏ အခန်းကဏ္ဍက အလွန်တရာ အရေးပါလာမည်မှာ ရှင်းရှင်းလင်းလင်းပဲ ဖြစ်တော့သည်။ ဗမာ PDF များအား ဆက်လက်တိုးပွားနေသော အားပေးထောက်ပံ့မှုများနှင့် NUG နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများသည် မဟာဗျူဟာ ညီမျှခြေအဆင့်၏ ကာလကို တိုတောင်းသွားစေမည်မှာ ကျိမ်းသေနီးပါးပင်ဖြစ်သည်။

အနောက်ပိုင်း ရခိုင်ပြည်နယ်က အင်အားတောင့်သော AA နှင့် စစ်ကောင်စီတို့၏ လက်ရှိတွင် မရေရာသော အပစ်ရပ်သာ ပြိုကျသွားခဲ့လျှင် အမျိုးသား ဗဟိုအချက်အချာဒေသအတွက် ကြီးမားသော ဂယက်ထမှုများနှင့်အတူ စစ်ကောင်စီသည် နောက်ထပ် စစ်မျက်နှာတစ်ရပ်ကို ဖွင့်လှစ်လိုက်ခြင်းပဲ ဖြစ်မည်။ မနိုင်ဝန် ထမ်းနေရပြီးသား နေပြည်တော်အတွက် ဝန်ပိသည့် ဒဏ်က ပို ကြီးမားလာမည်ဖြစ်ပြီး နောက်ဆုံး အဆုံးအဖြတ်ပင် ဖြစ်ကောင်းဖြစ်သွားနိုင်သည်။

အပြန်အလှန်အားဖြင့် သွေးခွဲအုပ်ချုပ်ရေး ပရိယာယ်ဖြင့် ဆယ်စုနှစ်များစွာ အာဏာကို အုပ်စီးထားသော စစ်တပ်တစ်ရပ်က ပေးသည့် လိုက်လျောချက်များနှင့် ငြိမ်းချမ်းရေးတို့ကို တိုင်းရင်းသားတပ်ဖွဲ့များက လက်သင့်ခံလိုက်ရန် ဆန္ဒရှိလိုက်သည်ဆိုလျှင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ အသေအချာနီးပါး ရှိလာလိမ့်မည် ဖြစ်ပြီး ပဋိပက္ခသည် နှစ်များစွာ ကြာညောင်းသွားနိုင်ပေလိမ့်မည်။

မည်သို့ပင် ဖြစ်ဖြစ် လာမည့်လများ၌ စစ်ပွဲ၏ ပြောင်းလဲမှကောက်ကြောင်းသည် နိုင်ငံတကာ အသိုင်းအဝန်း အများစုက မျက်ကွယ်ပြုခြင်း သို့မဟုတ် အရေးမထားခြင်း ရှိနိုင်သည့် ကြားမှပင် ရုပ်လုံးကြွလာတော့မည် ဖြစ်သည်။ အဆုံးတွင် မြန်မာစစ်တပ်သည် အခြေမခိုင် ဖြစ်လာဖွယ် ရှိနေပေသည်။

(Asia Times ပါ စာရေးသူ Anthony Davis ၏ Is Myanmar’s military starting to lose the war? ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly