မြန်မာတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၁ သန်းကျော်အထိ ရှိလာဟု ကုလ ပြော

မြန်မာတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၁ သန်းကျော်အထိ ရှိလာဟု ကုလ ပြော

ဇွန် ၂

စစ်အာဏာသိမ်းမှုအလွန် အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေသည် ပထမဆုံးအကြိမ်အဖြစ် တစ်သန်းကျော်အထိ ရှိလာခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။ မုတ်သုံရာသီ ချဉ်းကပ်လာသလို တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် “သေရေးရှင်ရေးတမျှ ဖြစ်သည့်” အခြေအနေများနှင့်ပတ်သက်၍ ကုလက သတိပေးခဲ့သည်။

ရွေးကောက်ခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ယမန်နှစ်က စစ်တပ်က ဖြုတ်ချပြီး မတရား အာဏာသိမ်းပြီးနောက် နိုင်ငံတွင် ပြည်သူ ၇၀၀,၀၀၀ နီးပါးတို့ ၎င်းတို့၏ အိုးအိမ်များကနေ စွန့်ခွာထွက်ပြေးထားခဲ့ကြရကြောင်း ကုလ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၃၁ ရက်တွင် ပြောသည်။

နိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်တပ်ကို ပြန်လည်ခုခံတော်လှန်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းထားခဲ့သည်။ အာဏာသိမ်းစစ်တပ်ဘက်က ကျေးရွာများကို မီးရှို့ခြင်း၊ လူအများအပြားကို ဥပဒေမဲ့ သတ်ဖြတ်ခြင်းများနှင့် အရပ်သားပြည်သူများကို လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်ထားသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

အာဏာသိမ်းမှုမတိုင်မီ နိုင်ငံတွင် နေရပ်စွန့်ခွာရသူဦးရေ ခန့်မှန်းခြေ ၃၄၆,၀၀၀ ဦးခန့် ရှိနေပြီးသား ဖြစ်သည်။

၎င်းတို့ထဲတွင် ထိုင်းနှင့် တရုတ် နယ်စပ်များ တစ်လျှောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကာလကြာ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ကြရသူများနှင့် ၂၀၁၇ ခုနှစ် စစ်တပ်၏ လူမဆန်သော ဖြိုခွင်းမှုတစ်ခုအတွင်း နေအိမ်များကနေ စွန့်ခွာထွက်ပြေးခဲ့ကြရသော ရိုဟင်ဂျာ မွတ်ဆလင်များ ပါဝင်သည်။

အာဏာသိမ်းမှု ဖြစ်ပြီးနောက် နိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် အရပ်ဘက် မြေ၊ အိမ်အဆောက်အအုံပေါင်း ၁၂,၀၀၀ ကျော် မီးရှို့ခံရ သို့မဟုတ် ဖျက်ဆီးခံခဲ့ရသည်ဟု UNOCHA က ပြောသည်။

ယခုအခါ ချဉ်းကပ်ရောက်ရှိလာနေပြီဖြစ်သော မုတ်သုံရာသီ မိုးကြောင့် ယာယီတဲစခန်းများတွင် နေထိုင်နေကြရသူများအတွက် ပိုမိုခက်ခဲသည့် အခြေအနေများနှင့် ကြုံရနိုင်စရာ ရှိနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာခဲ့ကြရသူ ၃၀၀,၀၀၀ ကျော်မှာ နိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းမှ ဖြစ်ပြီး ယင်းဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ် တပ်ဖွဲ့များနှင့် ပုံမှန်လိုလို တိုက်ခိုက်မှုများ ရှိနေသည်ဟု ကုလအေဂျင်စီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required