စစ်အာဏာသိမ်းပြီးနောက် နည်းပညာဆိုင်ရာ လွတ်လပ်ခွင့်တွေ ပျောက်ကွယ်လာတဲ့ မြန်မာ

စစ်အာဏာသိမ်းပြီးနောက် နည်းပညာဆိုင်ရာ လွတ်လပ်ခွင့်တွေ ပျောက်ကွယ်လာတဲ့ မြန်မာ

ဇွန် ၁

စစ်ကောင်စီဟာ မိုဘိုင်းဖုန်း သုံးစွဲသူတွေရဲ့ နည်းပညာဆိုင်ရာ လွတ်လပ်ခွင့်ကို တဖြည်းဖြည်းနဲ့ တင်းကျပ်မှုတွေ လုပ်နေတာ အခုဆိုရင် မိုဘိုင်းဖုန်းတွေရဲ့ IMEI နံပါတ်ကိုပါ မှတ်ပုံတင်ရမယ့် အခြေအနေထိ ရောက်လို့ လာနေပါပြီ။

IMEI နံပါတ်ကို မှတ်ပုံ တင်ခိုင်းရခြင်းဟာ အခွန် မဆောင်ဘဲ ဝင်ရောက်လာတဲ့ ဖုန်းတွေကို ကန့်သတ်ဖို့သာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုထားပါတယ်။

“ကျွန်တော်တို့က အခွန်စနစ်နဲ့ ပက်သက်တာပဲ ဖြစ်ဖြစ် စည်းကမ်းနည်းလမ်း ကျအောင်တော့ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်” လို့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ IMEI နံပါတ် မှတ်ပုံတင်ရမယ့် သတင်းနဲ့ ပက်သက်ပြီး သူက ဆိုခဲ့ပါတယ်။

လက်ကိုင်ဖုန်းတွေ တရားမဝင် တင်သွင်းတာကို ကာကွယ်ဖို့နဲ့ အခွန်ရရှိဖို့ ရည်ရွယ်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ဆက်သွယ်ရေးဌာနတွေ ပူးပေါင်း ဖွဲ့စည်းထားတဲ့ အဖွဲ့ကို ပြီးခဲ့တဲ့လက ဖွဲ့စည်း ပြီးတဲ့နောက်မှာ အခုလို စီစဉ် လာရခြင်းဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က အခွန်ကောက်ဖို့ ဆိုတဲ့ ထုတ်ပြန်ချက်ကို ဖုန်းသုံးစွဲသူတွေနဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ တစ်ချို့ကတော့ ယုံကြည်မှု မရှိကြဘဲ ဒီလို လုပ်တာဟာ ဖုန်းသုံးစွဲသူတွေရဲ့ အခွင့်အရေးကို ပိုမို ဖိနှိပ်ဖို့ ကြိုးစားခြင်းသာ ဖြစ်တယ်လို့ ပြောဆို ကြပါတယ်။

“IMEI ဆိုတာ ဖုန်းတွေရဲ့ မှတ်ပုံတင် နံပါတ်လို့ ပြောလို့ရတယ်။ စစ်ကောင်စီက ပထမအဆင့် အနေနဲ့ Digital Service တွေကို ပိတ်တယ်။ ပြီးတော့ အခု Hardware တွေကိုပါ ထပ်ပြီး ကန့်သတ်ဖို့ ကြိုးစားလာတာ တွေ့ရတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ် အခွင့်အရေးတွေကို ပိုပြီး ဖိနှိပ်လာတဲ့ သဘောမျိုး သက်ရောက်တယ်” လို့ နည်းပညာ သုတေသီသူ တစ်ဦးက ဆိုပါတယ်။

IMEI ဆိုတာ International Mobile Equipment Identity ရဲ့ အတိုကောက် ဖြစ်ပြီး မိုဘိုင်းဖုန်းနဲ့ စမတ်ဖုန်းတွေ အားလုံးမှာ ပါရှိတဲ့ မှတ်ပုံတင်နံပါတ်ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ နံပါတ် အရေအတွက် ၁၅ ခု ပါဝင်တဲ့ ဂဏန်းစဉ် တစ်ခု ဖြစ်ပါတယ် ။ ဖုန်းရဲ့ နောက်ကျောဘက်မှာ ငွေရောင် စတစ်ကာနဲ့ ရေးထားတဲ့ IMEI နံပါတ်တွေကို တွေ့နိုင်ပါတယ်။

ဟင်္သာတမြို့က ဖုန်းသုံးစွဲနေသူ တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ကတော့ လူတစ်ယောက်ရဲ့ လွတ်လပ်စွာ ပြောဆို ဆက်သွယ်ပိုင်ခွင့်ကို ကန့်သတ် ခံနေရတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။

“လူတိုင်းမှာ သူတို့နဲ့ သက်ဆိုင်တဲ့ ကိုယ်ပိုင် လုံခြုံမှု ဆိုတာ ရှိသင့်တယ်။ ကိုယ်ဘာလုပ်နေလဲ။ ဘယ်မှာ ရှိနေလဲ။ ဘယ်သူနဲ့ ဘာပြောနေလဲ ဆိုတာကို လူတစ်ယောက်က အချိန်ပြည့် စောင့်ကြည့် နေတယ်လို့ တွေးကြည့်ပေ့ါ။ အဲ့စောင့်ကြည့်နေတဲ့ သူက လူကောင်းဆိုရင်တောင် လက်ခံနိုင်စရာ မရှိတာ။ အခု စစ်ကောင်စီလို လူယုတ်မာဆို ပိုအကြောင်း ဆိုးတာပေါ့” လို့ ဦးမောင်မောင် (နာမည်လွှဲ) က ဆိုပါတယ်။

ဦးမောင်မောင်ဟာ လက်ရှိမှာ IMEI နံပါတ်ကို မှတ်ပုံ မတင်ရသေးပေမယ့် Facebook နဲ့ Instagram လို လူမှုကွန်ရက် မီဒီယာတွေကို VPN ဖွင့်ပြီး အသုံးပြု နေရပါတယ်။

“ VPN က ခရီးသွားရင်လည်း ဖုန်းထဲကနေ ဖျက်ပြီး သွားရသေးတယ်။ VPN တွေ့လို့ ဖမ်းမယ်ဆီးမယ် အကြောင်းပြပြီး ငွေညှစ်နေမှာစိုးလို့ ၊ လုံခြုံတဲ့ နေရာရောက်ရင် Download ပြန်ဆွဲပြီး သုံးရတယ်။ အရင်လို လွယ်လွယ်ကူကူ ဖုန်း အသုံးပြုလို့ မရတော့ဘူး ” လို့ သူကဆိုပါတယ်။

စစ်ကောင်စီဟာ ရွာတွေ၊ မြို့တွေကို ထိုးစစ်ဆင်တဲ့အခါ သက်သေပျောက်အောင်နဲ့ လက်ဦးမှုရအောင် အင်တာနက်လိုင်း ပိတ်တာနဲ့ ဖုန်းလိုင်း ပိတ်တာမျိုးတွေ မကြာခဏ လုပ်ဆောင်လေ့ ရှိပါတယ်။ လတ်တလော အနေနဲ့ မေလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့ အပါအဝင် မြို့နယ် ကိုးခုထက် မနည်းဟာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက် ခံခဲ့ရပြီး တစ်ချိန်တည်းမှာပဲ တစ်ချို့ မြို့နယ်တွေကို စစ်ကြောင်းများနဲ့ ထိုးစစ် ဆင်ခဲ့ပါတယ်။

မနက် ၇ နာရီမှာ ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ စတင် ပြတ်တောက်သွားပြီး နေ့လယ် ၁ နာရီ မှာတော့ တစ်ချို့ဖုန်းလိုင်းတွေနဲ့ ဖိုင်ဘာလိုင်းတွေ ပြန်ရလာတယ်လို့ မုံရွာမြို့ခံ ပြည်သူတစ်ဦး ဖြစ်တဲ့ ဒေါ်မွန်မွန် (နာမည်လွှဲ)က ဆိုပါတယ်။

“မုံရွာမှာတော့ ဒီလိုမျိုး ဆက်သွယ်ရေးလိုင်းတွေ အကုန်ပြတ်တောက် ကုန်တာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ပထမဆုံး အကြိမ်ပဲလို့ ” ဒေါ်မွန်မွန်က ပြောပါတယ်။

ရန်ကုန်မြို့နေ တော်လှန်ရေး တက်ကြွလှုပ်ရှားသူ ပြည်သူ တစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းကနေ တစ်ဆင့် ခြေရာခံ စောင့်ကြည့်တာမျိုးတွေ ရှိတဲ့အတွက် အင်တာနက်နဲ့ ဖုန်းကို သတိထား အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

“တော်လှန်ရေး အစောပိုင်းကာလတွေ တုန်းကတော့ ညဆို တစ်နာရီ ၊ နှစ်နာရီလောက် ဖုန်းပြောတယ်။ အဲ့ဒီ အခါကျ ကြာသွားရင် ကြားထဲက တစ်ယောက်ယောက် ဖြတ်နားထောင်သလို ခံစားရတာမျိုး ရှိတယ်။ ဖုန်းလိုင်းက ထစ်သွား သလိုမျိုးလေ။ ခု ဖုန်းသိပ်မပြော ဖြစ်တော့ အရင်လို နားထောင် နေသလိုမျိုး မခံစားရတော့ဘူး” လို့ အထက်ပါ တက်ကြွလှုပ်ရှားသူက ပြောပါတယ်။

ဒါ့အပြင် ဒစ်ဂျစ်တယ် ငွေပေးချေမှု ဝန်ဆောင်မှုတွေ ဖြစ်တဲ့ KBZ pay ၊ Wave Pay အကောင့် သုံးစွဲသူတွေကို တော်လှန်ရေးအတွက် အလှူငွေကောက်ခံ ၊ ပေးချေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတူ အကောင့်ပိတ်တာ၊ အကောင့်မှာ မှတ်ပုံတင်ထားတဲ့ အချက်အလက်တွေကနေ တဆင့် ဖမ်းဆီးတာမျိုးတွေကို အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ လုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ ထူးခြားပြီး ထိခိုက်သွားဖို့ မရှိဘူးလို့ ဆိုပါတယ်။

“အခု IMEI မှမဟုတ်ဘူး ၊ နည်းမျိုးစုံနဲ့ သူတို့ ညဏ်မီသလောက် ယုတ်နေတာပဲ။ ယုတ်နေတဲ့ ကြားထဲက ပြည်သူတွေကလည်း တော်လှန်ရေးကို နည်းမျိုးစုံနဲ့ အထောက်အပံ့ ပေးနေကြတာဆိုတော့ ထူးခြားပြီး ခက်ခဲသွားမှာ မဟုတ်ဘူး” လို သူက ပြောပါတယ်။

Click to Donate တို့လို ဒစ်ဂျစ်တယ် နည်းပညာ အသုံးပြုပြီး တော်လှန်ရေး ရန်ပုံငွေ ရှာနေတာ မျိုးတွေဟာ အောင်မြင်တဲ့ အတိုင်းအတာ ရှိတာကြောင့် စစ်ကောင်စီဟာ အခုထက် ပိုတဲ့ ဖိနှိပ်မှုတွေ လုပ်ဖို့ IMEI မှတ်ပုံတင်တာကို လုပ်ဆောင်တယ်လို့ ယူဆတဲ့ အကြောင်း နည်းပညာ သုတေသီက ဆိုပါတယ်။

“IMEI နံပါတ်တွေရဲ့ အလုပ်က ကိုယ်ဘယ်တာဝါတိုင် နားမှာ ရှိတယ်ဆိုတာကို ဖော်ပြနေရတယ်။ ဖုန်းတွေရဲ့ ဆက်သွယ်ရေး လုပ်ငန်းစဉ်အရ အမြဲတမ်း ချိတ်ဆက်နေရတယ်။ အဲ့ဒါမှ ဖုန်းလိုင်းက အမြဲ မိနေမှာပေ့ါနော်။ အရင်တုန်းကလိုမျိုး ကိုယ့်နေရာကို မသိစေချင်လို့ SimCard ကို လွှင့်ပစ် ခဲ့ရင်တောင်မှ ဖုန်းရဲ့ IMEI နံပါတ်ကို ကြည့်ပြီး ကိုယ့်နေရာကို သိနိုင်တယ်။ ဆင်းကတ် ပြောင်းထည့် တာကိုလည်း ခြေရာခံလို့ ရနိုင်တယ်” လို့ ၎င်းက ပြောပါတယ်။

ဒါကြောင့် မိမိနေရာကို မသိစေဖို့အတွက် ဆိုရင် ဟမ်းဆက်ကိုရော ၊ ဆင်းမ်ကတ်ကိုရော လွှင့်ပစ်ရမယ့် အခြေအနေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဖုန်းတစ်လုံး ဝယ်ဖို့နဲ့ စွန့်ပစ်ဖို့ ဆိုတာဟာ လွယ်ကူတာ မဟုတ်ပါဘူး။

IMEI မှတ်ပုံတင်ထားတဲ့ ဖုန်းထဲကို မိမိအသုံးပြုမယ့် ဖုန်းဆင်းမ်ကတ် ထည့်လိုက်တာနဲ့ ဆင်းမ်ကတ်ရဲ့ သက်ဆိုင်ရာ အော်ပရေတာဆီကို IMEI နံပါတ်ကို ပို့ပြီး စာရင်းသွင်းတာကို ပြုလုပ်မှ ဖုန်း အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

ဒီလို မှတ်ပုံတင်လိုက်မယ် ဆိုရင် သက်ဆိုင်ရာ အော်ပရေတာတွေ အနေနဲ့ ဖုန်းသုံးစွဲနေတဲ့ သူဟာ ဘယ်တာဝါတိုင်နဲ့ ချိတ်ဆက် အသုံးပြုနေတယ် ဆိုတာကို သိရတဲ့အတွက် တည်နေရာနဲ့ ဘယ်လို application တွေ အသုံးပြုနေတာကိုပါ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းပိုင်ရှင်တွေ အနေနဲ့ ဖုန်းခိုးယူခံရတာနဲ့ အန္တရာယ် ကျရောက်နိုင်တဲ့ အခြေအနေတွေမှာ စမတ်ဖုန်းတွေကို ခြေရာခံနိုင်ဖို့ IMEI နံပါတ်ကို ဖုန်းထဲ ထည့်သွင်း ပေးထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံအချို့က အစိုးရတွေနဲ့ ဦးဆောင်သူတွေ ကတော့ IMEI နံပါတ်ကနေ တစ်ဆင့် ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆို ဆက်သွယ်ခွင့်ကို ချိုးဖောက်ပြီး အချက်အလက်တွေကို ရယူ စောင့်ကြည့်လေ့ ရှိပါတယ်။

“နည်းပညာတိုင်းမှာ အားနည်းချက် ရှိတတ်တာမို့ စစ်အစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အချက်အလက်နဲ့ လွတ်လပ်ခွင့်တွေကို အလွယ်တကူ ခိုးယူလို့ မရအောင်တော့ အတက်နိုင်ဆုံး ကြိုးစားသွားမယ်။ ဒါကို ကာကွယ်နိုင်မယ့် နည်းပညာ သတင်းတွေကိုလည်း စောင့်ဖတ်သွားပြီး အတက်နိုင်ဆုံး သူတို့ ရည်မှန်းချက် ဖြစ်မလာအောင်တော့ လုပ်ရမှာပေ့ါ ” လို့ IMEI မှတ်ပုံတင်ကို မဖြစ်မနေ လုပ်ရမယ့် အခြေအနေမှာ ကာကွယ်နိုင်ရေးနဲ့ ပတ်သတ်ပြီး ဟင်္သာတက ဦးမောင်မောင်က ပြောပါတယ်။

စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီ ဖြစ်တဲ့ ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ Telenor မြန်မာကို ထိန်းချုပ် ထားလိုက်ပြီ ဖြစ်တယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရွှေဗျိုင်းဖြူ တယ်လီကွန်း ကုမ္ပဏီလိမိတက်ကို ရွှေဗျိုင်းဖြူ ကုမ္ပဏီ လိမိတက်က ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ တယ်လီနောမြန်မာက တပ်ဆင်ထားတဲ့ တရားဝင် ကြားဖြတ်ဖမ်းယူရေး ပင်မထွက်ပေါက် (LIG) ကို အသုံးပြုပြီး ဖုန်းခေါ်ဆိုမှုနဲ့ စာတို မက်ဆေ့ ပေးပို့မှုတွေကို အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်နိုင်စွမ်း ရှိသွားမှာ ဖြစ်ပါတယ်။

Telenor Myanmar ဟာ ပြည်သူ ၁၈ သန်းကျော်ရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်း အချက်အလက်တွေ အားလုံးကို စစ်ကောင်စီထံကို ဖော်ထုတ် ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ ဒီအချက်အလက်တွေကို အသုံးပြုပြီး ပြည်သူတွေရဲ့ တည်နေရာ ရှာဖွေဖို့နဲ့ ဖမ်းဆီးဖို့ အတွက် အသုံးချသွားမှာ ဖြစ်တယ်လို့ Justic For Myanmar က ဆိုထားပါတယ်။

စစ်ကောင်စီဟာ အော်ပရေတာတွေဆီက ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေကို ရယူဖို့ ကြိုးစားလာသလို မိုဘိုင်းဖုန်းတွေနဲ့ စမတ်ဖုန်းတွေရဲ့ IMEI နံပါတ်ကိုပါ မှတ်ပုံတင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

“IMEI တစ်ခုတည်းနဲ့က ထိန်းဖို့ မလွယ်လောက်ဘူး။ ဆင်းကတ်နဲ့ IMEI နံပါတ်သိရင် ခြေရာခံဖို့ လွယ်သွားပြီ။ အဲ့နှစ်ခုသာ သိရင် ရှာရ အရမ်းလွယ်သွားပြီ။ ဖုန်းနံပါတ် ဘယ်လိုပြောင်းပြောင်း IMEI နဲ့ ရှာလိုက်တာနဲ့ သူဘယ်နံပါတ် သုံးနေလဲတောင် သိနေပြီ။ အတိအကျ မဟုတ်တောင် ဘယ်နားမှာလည်း ရှာလို့ရတယ်။ ပြောရရင် အရင်က ဖုန်းကတ် ပြောင်းလိုက်လို့ ရပေမယ့် IMEI နဲ့ဆို မသိစေချင်ရင် လက်ကိုင်ဖုန်းပါ ပြောင်းသုံးရတော့မှာ။ ဖုန်းပိတ်ထားရင်တောင် ဖုန်းမပိတ်ခင် အချိန်ထိ ဘယ်နား ရှိနေလဲ သိသွားတာပေါ့ ” ဟု Network Engineer တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံမှာ ရှိတဲ့ တစ်နိုင်ငံလုံးက အိမ်ထောင်စုတွေရဲ့ ၈၆ ရာခိုင်နှုန်းဟာ မိုဘိုင်းလ်ဖုန်းတွေ ရှိကြပြီး လူဦးရေ သန်း ၄၀ ကျော်ဟာ ဖုန်း အသုံးပြုနေတာ ဖြစ်ပါတယ် လို့ Myanmar Information Management Unit (MIMU) ရဲ့ စာရင်းအရ သိရပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်ဟာ မြန်မာကိုဂုဏ်ထူးတစ်ခုတိုးစေပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အဆိုးရွားဆိုး ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း ဆိုင်ရာ မူဝါဒ ရှိတဲ့ နိုင်ငံ ၁၆ နိုင်ငံမှာ ပါဝင်တယ်လို့ နည်းပညာဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ Comparitech Websites မှာဖော်ပြထားတာတွေ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly