အာဖဂန် မိန်းကလေးများ ပညာသင်ခွင့်ရရေး တောင်းဆိုသည့် ဆန္ဒပြပွဲကို တာလီဘန်တို့ ဖြိုခွင်း

By The Khaama Press
31 May 2022
အာဖဂန် မိန်းကလေးများ ပညာသင်ခွင့်ရရေး တောင်းဆိုသည့် ဆန္ဒပြပွဲကို တာလီဘန်တို့ ဖြိုခွင်း

အာဖဂန်နစ္စတန်နိုင်ငံတွင် မိန်းကလေးငယ်များ ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် အမျိုးသမီးများကို တာလီဘန်တပ်ဖွဲ့များက နှိမ်နင်း လူစုခွဲခဲ့သည်။

ဆန္ဒပြ အမျိုးသမီးအုပ်စုတစ်စုသည် ပြီးခဲ့သည့် မေ ၂၆ ရက်က ကဘူးလ်မြို့ရှိ Laisa Maryam အထက်တန်းကျောင်းရှေ့၌ စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြပြီး မိန်းကလေးများကို ကျောင်းတက်ခွင့်မပေးဘဲ ပိတ်ပင်ထားမှုက ၉လကြာ ရှိလာမှုကို ရည်ညွှန်းကာ “ပေါင်မုန့်၊ အလုပ်နှင့် ပညာရေး” ဆိုသည့် ဆောင်ပုဒ်ကို သံပြိုင်ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။

ထို့ပြင် “ပညာရေးက ကျွန်ုပ်တို့၏ အခွင့်အရေးဖြစ်သည်” ဆိုသည့် ထုတ်ပြန်ချက်ကို ဆန္ဒပြသူများက ထုတ်ဖော်ခဲ့ကြသလို ကျောင်းများ ပိတ်ထားခြင်းက အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းသာ ဖြစ်သည်ဟု ဆန္ဒပြသူတစ်ဦးက မီဒီယာကို ပြောသည်။

နိုင်ငံတွင် အမျိုးသမီးများကို ပစ်မှတ်ထား သတ်ဖြတ်မှုများက မြင့်တက်နေကြောင်း ဆန္ဒပြသူများက ပြောခဲ့သလို တာလီဘန်တို့သည် အမျိုးသမီးများကို လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး အဖွဲ့အစည်းကွန်ရက်အားလုံးကနေ ပိတ်ပင်တားမြစ်ထားသည်။

အဆိုပါ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီးနောက် မိနစ်ပိုင်းအတွင်း တာလီဘန်တို့ ရောက်လာပြီး သေနတ် မိုးပေါ်ထောင် ပစ်ခဲ့သလို ဆန္ဒပြလူအုပ်ကို အကြမ်းဖက် ဖြိုခွင်း လူစုခွဲခဲ့သည်။

တာလီဘန်တို့သည် မိန်းကလေးငယ်များနှင့် အမျိုးသမီးများ၏ ဆန္ဒထုတ်ဖော်မှုများကို ပုံမှန်လိုလို ဖိနှိပ်ဖြိုခွင်းထားခဲ့ပြီး ယခုကဲ့သို့ ဆန္ဒပြပွဲများအနက် တစ်ခုတွင် ဆန္ဒပြသူ အများအပြား ဖမ်းဆီးခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly