မြောင်မြို့နယ် မီးတောက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၂ ဦး သေ၊ ကာကွယ်တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

မြောင်မြို့နယ် မီးတောက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၂ ဦး သေ၊ ကာကွယ်တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
သေဆုံးနေသည့် စစ်ကောင်စီတပ်သားတချို့

မေ ၃၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာများကိုမီးရှို့ကာ တမဆေးကန်ကျေးရွာတွင် တပ်စွဲနေသော အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်အား ဒေသခံကာကွယ်ရေးမဟာမိတ်အဖွဲ့များမှ တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၂ ဦးသေဆုံးကာ ငါးဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း MSPDFက ထုတ်ပြန်သည်။

တိုက်ခိုက်မှုတွင် စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF မှ ရဲဘော်တစ်ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာ ရသူ ရှစ်ဦးရှိကြောင်း MSPDF ၏ ယမန်နေ့ညကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့မှာ မေလ ၂၉ ရက်နေ့တွင် မကျည်းကန်ရွာ(ဒေသအခေါ်-တမဆေးကန် အနောက်ရွာ)အား မီးတင်ရှို့ကာ တမဆေးကန်ကျေးရွာ(အရှေ့ရွာ)သို့ ဆက်လက်ထွက်ခွာချိန် ကာကွယ်ရေးတပ်ဖွဲ့များမှ ရွာ၏အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် နေရာယူ၍ အချိန် နှစ်နာရီခန့်ကြာအောင် တိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ပွဲကို ကာကွယ်ရေးတပ်ဖွဲ့များက “မီးတောက်တိုက်ပွဲ” ဟု အမည်ပေးထားသည်။

တိုက်ပွဲဖြစ်ပွားရာ တမဆေးကန်မြေပုံ

“သူတို့ကမီးရှို့ပြီး အရှေ့ရွာကို တစ်ခါထဲကူးတာ။ အရှေ့ရွာနဲ့အနောက်ရွာက ပြောရမယ်ဆိုရင် လယ်ကွက် သုံးကွက်ပဲခြားတာ။ သူတို့ အနောက်ရွာကိုရှို့ပြီးလို့ အရှေ့ရွာကိုကူးနေတဲ့အချိန်မှာ ကျနော်တို့က တစ်ခါထဲလူစုပြီးသွားပြီ။ အရှေ့ရွာနဲ့ အနောက်ရွာကြားမှာ စာသင်ကျောင်းနဲ့ ဘုရားကြီးရှိတယ်။ ကျနော်တို့လူတွေ ဘုရာဝင်းထဲမှာက အယောက် ၄၀ တစ်ဖွဲ့၊ စာသင်ကျောင်းထဲမှာက ကျနော် ဦးဆောင်တဲ့အယောက် ၂၀ တစ်ဖွဲ့။ နှစ်ဖွဲ့လုံးမှာ လက်နက်ကြီးကိုယ်စီပါတယ်။ ၄၀ မမ တစ်လက်၊ RPG တစ်လက်၊ စနိုက်ပါနဲ့ တာဝေးပစ်တွေပါတယ်” ဟု MSPDF အဖွဲ့ တာဝန်ခံ ရဲဘော်မုန်တိုင်းက ပြောသည်။

တမဆေးကန်အရှေ့ရွာ၏ မြောက်ဘက်တွင် MSPDF အဖွဲ့ဦးဆောင်ကာ နေရာနှစ်ခုခွဲ၍ တိုက်ခိုက်ခဲ့ပြီး တောင်ဘက်တွင် Burmese Guerrilla Force- BGF နှင့် အရှေ့ဘက်တွင် Myaung Revolution Army- MRA တို့မှ အသီးသီးနေရာယူကာ တိုက်ခိုက်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

“အရင်ဆုံး တောင်ဘက်ခြမ်းကနေ လက်နက်ကြီး သုံးလုံးပစ်ခိုင်းလိုက်တယ်။ ကျွန်တော်တို့ရှိတဲ့ မြောက် ဘက်ကို ထွက်လာစေချင်လို့။ အဲဒီမှာ ၁၅ မိနစ်လောက်နေတော့ ထင်တဲ့အတိုင်း တကယ်ထွက်လာတယ်။ အကိုတို့က နေရာယူထားပြီးသား။ သူတို့ထွက်လာတော့ ရှေ့ပြေး ၁၅ ယောက် အရင်ထွက်လာတယ်။ အဲဒီကောင်တွေ ကျွန်တော်တို့နဲ့ ပေ ၂၀၊ ၃၀ လောက်ပဲခြားတဲ့အထိကပ်လာတော့မှ ကျွန်တော်တို့ ထပစ်တာ အယောက် ၆၀ လောက်အားနဲ့။ အဲ့မှာ အဲ့ကောင်တွေအကုန်မှောက်သွားတယ်ဗျာ။ ဒါပေမယ့် အဲ့ထဲက တစ်ယောက်ကတော့ သေချင်ယောင်ဆောင်ပြီး ပြီးမှထပြေးလို့ လွတ်သွားတယ်။ အဲဒီတုန်းက ကျွန်တော်တို့ အသာရနေတာ။ သူတို့ဘက်ကပစ်တဲ့ လက်နက်ကြီးတွေကလည်း အစက ကျွန်တော်တို့ကို မထိဘူးချော်ချော်ကျတယ်” ဟု ၎င်းက ဆက်ပြောသည်။

သို့သော် တိုက်ပွဲကြာချိန်တစ်နာရီကျော်လာသည့်အခါ ကာကွယ်ရေးတပ်ဘက်မှ ခဲယမ်းအင်အား လျော့ နည်းလာချိန် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့်တရစပ်ပစ်ခတ်ရာ စာသင်ကျောင်းထဲသို့ လက်နက်ကြီးကျရောက်ပြီး စစ်ကိုင်းခရိုင်အမှတ်(၄) တပ်ရင်းမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး ခြောက်ဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် မဟာမိတ်အဖွဲ့ဖြစ်သည့် ချောင်းဦးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-CHUPDFမှ တစ်ဦးနှင့် မြင်းခြံအဖွဲ့မှ တစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားသည်။

MSPDF မှ ဒဏ်ရာရရဲဘော်

“တိုက်ပွဲမှာ ဒါပထမဆုံး။ ဒဏ်ရာလည်းရတယ်။ အကိုတို့ရဲဘော်တစ်ယောက်လည်း ကျဆုံးသွားတယ်။ သူတို့လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တော့ ဘယ်လိုမှတောင့်ခံလို့မရတော့လို့ ထိသွားတဲ့ကလေးတွေ ထမ်းပြီး အကိုတို့ပြန်ဆုတ်ခဲ့ရတယ်။ နာရီဝက်လောက်နေတော့ လေယာဥ်လာတယ်” ဟု အဖွဲ့တာဝန်ခံ ရဲဘော်မုန်တိုင်းက ပြောသည်။

အဆိုပါ “မီးတောက်တိုက်ပွဲ”မှာ မေလ ၂၉ ရက် မွန်းလွဲ ၃ နာရီမှ ၅ နာရီ ခန့်အထိ ကြာမြင့်ခဲ့သည်။ ထို့နောက် ညနေ ၅ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီလေယာဥ်တစ်စီး ရောက်လာကာ တမဆေးကန် ကျေးရွာနှင့် အနီးဝန်းကျင်အား လေကြောင်းမှပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြေပြင်ရှိ စစ်ကောင်စီတပ်မှာ ကျေးရွာတွင်း ၎င်းတို့၏ကျဆုံးစစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်း ကို မီးရှို့ထားခဲ့ရာ မီးလောက်ကျွမ်းနေသည့် ရုပ်အလောင်း ၁၂ လောင်းအား ကာကွယ်ရေးတပ်ဖွဲ့များက တွေ့ရှိခဲ့ကြောင်းလည်း ရဲဘော်မုန်တိုင်းက ပြောပြသည်။

ယင်းနောက် ကျန်စစ်ကောင်စီတပ်သားများမှာ ကျားအိုကျေးရွာသို့ ဆုတ်ခွာကာ ဆေးကုသမှုခံယူလျှက် ရှိရာ ဒဏ်ရာပြင်းထန်သည့် နောက်ထပ်ငါးဦးထပ်မံကျဆုံးကြောင်း ကြားသိရသော်လည်း သီးခြားအတည် ပြု နိုင်ခြင်းမရှိပေ။

ယနေ့ မေလ ၃၁ ရက်တွင်မူ အဆိုပါစစ်ကောင်စီတပ်မှာ ပရိမ္မကျေးရွာသို့ ရောက်ရှိနေပြီဖြစ်သည်ဟု သိရ သည်။

အဆိုပါ “မီးတောက်တိုက်ပွဲ”အား စစ်ကိုင်းခရိုင် အမှတ်(၄) တပ်ရင်း-MSPDF ၊ ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- CHUPDF၊ Natogyi Regional Defense Force(NRDF)၊ N-YSO ပြောက်ကျားတပ်ဖွဲ့၊ Burmese Guerrilla Force(မြင်းခြံ)၊ မြင်းခြံခရိုင်တပ်ရင်း(၁)-27 Revolution Forces၊ မြင်းခြံခရိုင်တပ်ရင်း (၃)၊ Myaung Revolution Army(MRA) နှင့် Myaung T.G.R People Defense Force တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#မြောင်မြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#မီးရှို့ဖျက်ဆီး

#ထိတွေ့တိုက်ပွဲဖြစ်ပွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required