ပြည်ပ ဆက်ဆံရေး ပြန်လည် ကောင်းမွန်အောင် တည်ဆောက်မည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ပြော

By The News International
30 May 2022
ပြည်ပ ဆက်ဆံရေး ပြန်လည် ကောင်းမွန်အောင် တည်ဆောက်မည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ပြော

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ၎င်းအား ရာထူးမှ ပြုတ်ကျစေရန် အမေရိကန် လျှို့ဝှက် ပူးပေါင်းကြံစည်ခဲ့ကြောင်း ပြောကြားခဲ့မှုများကို ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝဲလ် ဘူတို ဇာဒါရီက မေ ၂၅ ရက်တွင် ပယ်ချသွားခဲ့သည်။

ပြီးခဲ့သည့်လက ခန်းကို ရာထူးမှ ပြုတ်ကျသွားစေမှုက တကယ်တမ်းတွင် ပါကစ္စတန် ဒီမိုကရေစီအတွက် မှတ်တိုင်တစ်ခုဖြစ်ကြောင်း ဇာဒါရီက ဗြိတိန် သတင်းအေဂျင်စီတစ်ခုကို ပြောသည်။

“ပါကစ္စတန်မှာ ဝန်ကြီးချုပ်တွေ ဒီမိုကရေစီ နည်းလမ်းမကျဘဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မညီဘဲ အခြား နည်းလမ်းအမျိုးမျိုးနဲ့ ဖယ်ရှားခံခဲ့ရတဲ့ သမိုင်းကြောင်းတစ်ခု ရှိပါတယ်” ဟု ဘူတို ဇာဒါရီက ဒါဗို့စ်မြို့ Swiss Alpine resort ၌ ကမ္ဘာ့စီးပွားရေးဖိုရမ် အပြင်ဘက် အင်တာဗျူးတစ်ခု၌ ပြောသည်။

“ကျွန်တော်တို့နိုင်ငံမှာ ရာထူးကနေ ဖယ်ရှားခံရပြီး ကြိုးပေးခံရတဲ့ ဝန်ကြီးချုပ်တစ်ယောက် ရှိခဲ့ပါတယ်” ဟု ဘူတို ဇာဒါရီက ၎င်း၏ အဘိုး ဇူလ်ဖီကာ အလီ ဘူတိုကို ရည်ညွှန်းပြောသည်။ ယင်းက အမြင့်ဆုံး ရာထူး သာမက အကြမ်းဖက်ခံရမှုဖြင့် ထပ်တလဲလဲ စွန်းထင်းနေခဲ့သည့် မိသားစု သမိုင်းကြောင်းတစ်ခု၏ တစိတ်တဒေသလည်း ဖြစ်သည်။

ဘူတို ဇာဒါရီသည် ၎င်း၏ မိခင်ဖြစ်သူ ဘနာဇီယာ ဘူတို လုပ်ကြံခံရစဉ်က အောက်စ်ဖို့ဒ် တက္ကသိုလ်၌ ပညာသင်နေလျက်ရှိပြီး ထိုစဉ်က ၎င်းသည် အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသည်။ ၎င်း၏ ဖခင်ဖြစ်သည့် အေဆစ် အလီ ဇာဒါရီသည် နိုင်ငံ၏ သမ္မတအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ အသက် ၃၃ နှစ်အရွယ်သာ ရှိသေးသည့် ဘူတို ဇာဒါရီသည် ၎င်း၏ နိုင်ငံ၏ ငယ်ရွယ်သော လူငယ်ထုကို သိမ်းသွင်းစည်းရုံးနိုင်ရန်နှင့် နိုင်ငံရေး မျိုးနွယ်တစ်ဆက်၏ ခြေရာနင်းရန် မျှော်လင့်နေသည်။ ၎င်း၏ မိခင်ဖြစ်သူ၏ ပါကစ္စတန် ပြည်သူ့ပါတီ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ၎င်းသည် လာမည့် ရွေးကောက်ပွဲများတွင် ဝင်ပြိုင်မည် ဖြစ်ကြောင်းနှင့် အစိုးရတစ်ရပ် ဖွဲ့နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောသည်။ လက်ရှိအခိုက်အတန့်အတွင်မူ ၎င်းအနေဖြင့် ကမ္ဘာတစ်ဝန်း ပါကစ္စတန်၏ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ စိန်ခေါ်မှုများအပေါ် အာရုံစိုက်နေသည်ဟု ဘူတိုက ပြောသည်။

ဒါဗို့စ် ညီလာခံတွင် ကုန်သွယ်ရေး အုပ်စုများ၊ ပိုမိုပြီး သီးခြားဖြစ်နေသော နိုင်ငံများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများက လွှမ်းမိုးခဲ့သော်လည်း အိမ်နီးချင်း နိုင်ငံများ၊ အနောက်နိုင်ငံများနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးက ပါကစ္စတန်အတွက် အောင်မြင်သော ရလဒ်တစ်ခုကို ရစေမည့် အစီအစဉ် နည်းလမ်းဖြစ်ကြောင်း ဘူတိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required