ပါကစ္စတန်တွင် ရွေးကောက်ပွဲအသစ်ကို ၆ ရက်အတွင်း ကြေညာပေးရန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက အစိုးရကို ရာဇသံပေး

ပါကစ္စတန်တွင် ရွေးကောက်ပွဲအသစ်ကို ၆ ရက်အတွင်း ကြေညာပေးရန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက အစိုးရကို ရာဇသံပေး

ပါကစ္စတန်၏ လက်ရှိအစိုးရအနေဖြင့် နိုင်ငံတွင် ရွေးကောက်ပွဲအသစ်များ ကျင်းပမည်ဟု ၆ ရက်အတွင်း ကြေညာပေးရမည်ဟု ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ အီမရန်ခန်းက မေ ၂၆ ရက်တွင် ရာဇသံပေး တောင်းဆိုလိုက်သည်။

ယင်းကဲ့သို့ မကြေညာပါက ပြည်သူအားလုံး မြို့တော်သို့ ရောက်လာပြီး ဆန္ဒပြကြလိမ့်မည်ဖြစ်ကြောင်း ခန်းက သတိပေးလိုက်သည်။

ဖြုတ်ချခံဝန်ကြီးချုပ် ခန်းက ၎င်းအနေဖြင့် ဇွန်လအတွင်း နိုင်ငံ၌ အထွေထွေရွေးကောက်ပွဲများ ကျင်းပစေရေး လက်ရှိ ညွန့်ပေါင်းအစိုးရကို လုံလောက်သည့် အချိန်တစ်ခု ပေးနေခြင်းဖြစ်ကြောင်း မိန့်ခွန်းတစ်ရပ်တွင် ပြောသည်။

“ပြည်သူအားလုံးကို စည်းလုံးညီညွတ်စေဖို့က ကျွန်တော့် တာဝန်ဖြစ်တယ်” ဟု အီမရန် ခန်းက ပြောသည်။ ထို့ပြင် ပြည်ပက တင်သွင်းသော အစိုးရကို ဆန့်ကျင်ပြီး စည်းလုံးစွာ ရပ်တည်ထားမှုအတွက် ပြည်သူများ ကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိအစိုးရသည် ၎င်းတို့ကိုယ်တိုင်အပေါ် စွဲဆိုသည့် အဂတိလိုက်စားမှု အမှုများကို ပယ်ချရန် အာဏာရလာခဲ့ခြင်းဖြစ်ကြောင်း PTI ခေါင်းဆောင်က စွပ်စွဲသည်။

“ခင်ဗျားတို့ အစိုးရဟာ နိုင်ငံကို စီမံအုပ်ချုပ်ဖို့ လာခဲ့ကြတာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။ ထို့ပြင် ၎င်း၏ ငြိမ်းချမ်းသော ဆန္ဒပြမှုများကို ဖက်ဒရယ်အစိုးရဘက်က ဥပဒေအရ ဟန့်တားနိုင်မည် မဟုတ်ဟု PTI အကြီးအကဲက ပြောပြီး နိုင်ငံတော် တရားရုံးချုပ်က အတည်ပြုခဲ့သော ဆုံးဖြတ်ချက်ကို ရည်ညွှန်းပြောဆိုခဲ့သည်။

ထို့ပြင် ၎င်းအနေဖြင့် ၎င်း၏ ကြိုးပမ်းမှုအရေးကိစ္စအတွက် ဖက်ဒရယ်မြို့တော်၌ လူ ၂သန်းကို စုရုံးသွားမည်ဖြစ်ကြောင်း အီမရန် ခန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly