ကုလအကြီးအကဲခရီးစဉ်က တရုတ်အတွက် နိုင်ငံရေးအောင်ပွဲဖြစ်စေသဖြင့် လူ့အခွင့်အရေးအဖွဲ့များက စိတ်ပျက်

ကုလအကြီးအကဲခရီးစဉ်က တရုတ်အတွက် နိုင်ငံရေးအောင်ပွဲဖြစ်စေသဖြင့် လူ့အခွင့်အရေးအဖွဲ့များက စိတ်ပျက်

တိဗက်ရေးရာနိုင်ငံတကာလှုပ်ရှားမှု(ICT) က ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီချဲလ်ဘက်ချလက်၏ တရုတ်ခရီးစဉ်သည် ကွန်မြူနစ်အစိုးရအတွက် နိုင်ငံရေးအောင်ပွဲတစ်ခုဖြစ်စေသဖြင့် စိတ်ပျက်မိကြောင်း ပြောဆိုလိုက်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲသည် တရုတ်ကွန်မြူနစ်ပါတီ၏ မူဝါဒမူဘောင်ကို ပြည်တွင်း၌ရော ပြည်ပ၌ပါ သဘောတူလက်ခံလိုက်ခြင်းဖြစ်သည်ဟု တိဗက်အဖွဲ့က ဆိုသည်။

မေ ၂၉ ရက်ထုတ်ပြန်ချက်သည် ရှင်ကျန်းဒေသမှ လုပ်ကြံသတင်းများကို ပယ်ချလိုက်ပြီး အမေရိကန်၊ အနောက်နိုင်ငံအချို့နှင့် ၎င်းတို့၏မီဒီယာများနှင့်တရုတ်ဆန့်ကျင်သော အင်အားစုများအတွက် ထိုးနှက်ချက် တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဘက်ချလက်၏သတင်းစာရှင်းလင်းပွဲအကြောင်းတင်ပြရင်း ပြောဆိုခဲ့သည်။

ဘက်ချလက်သည် ကမ္ဘာ၌ လွတ်လပ်မှုအနည်းဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံရသည့် တိဗက်သို့ သွားရောက်ခဲ့ခြင်းမရှိသလို ဒေသတွင်းအခြေအနေကိုလည်း မဖြစ်စလောက်သာ ညွှန်းဆိုခဲ့ကြောင်း တိဗက်အဖွဲ့က ပြောသည်။

“တရုတ်နိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို ကြောက်ရွံ့မှုမရှိဘဲ အမှန်အတိုင်း အစီရင်ခံဖို့ မဟာမင်းကြီး မလုပ်ဆောင်နိုင်တာဟာ သူမရဲ့တာဝန်ဝတ္တရားတွေကို တမင်ပျက်ကွက်လိုက်တာပါ။

ဘက်ချလက်က တရုတ်အစိုးရကို နိုင်ငံရေး အောင်ပွဲ ပေးခဲ့တယ်။ ဝီဂါ၊ တိဗက်၊ မွန်ဂိုနဲ့ အခြားသူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးဖို့ ရည်ရွယ်တဲ့ တရုတ်ရဲ့ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှု သက်သေအထောက်အထားတွေကို အသိအမှတ်ပြုဖို့ ပျက်ကွက်ပြီးတော့ မဟာမင်းကြီးဟာ တရုတ်ကို အတင့်ရဲစေပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို အာဏာလျော့ကျစေခဲ့ပါတယ်။

တိဗက်အခြေအနေနဲ့ပတ်သက်ပြီး ဘက်ချလက်ပြောတဲ့ ဝါကျနှစ်ကြောင်းဟာ လုံးဝ လက်ခံနိုင်စရာမရှိသလို လူ့အခွင့်အရေးစံနှုန်းတွေနဲ့ အဖွဲ့အစည်းတွေကို ဆိုးဆိုးရွားရွား ဆုတ်ယုတ်စေပါတယ်” ဟု တိဗက်အဖွဲ့က ပြောသည်။

ဘက်ချလက်က သတင်းစာရှင်းလင်းပွဲ၌ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တိဗက်လူမျိုးများ၏ ဘာသာစကား၊ သာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလက္ခဏာများကို ကာကွယ်ရန်နှင့် တိဗက်လူမျိုးများ ဘာသာရေးဘဝနှင့်ပတ်သက်သောဆုံးဖြတ်ချက်များတွင် တိဗက်လူမျိုးများ လွတ်လပ်စွာပါဝင်နိုင်ခွင့်ရှိရန် အရေးကြီးကြောင်းနှင့် သူမအနေဖြင့် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပညာရေးမူဝါဒတွေကို ဆွေးနွေးခဲ့ကာ ကိုယ်ပိုင် ဘာသာစကားနဲ့ ယဉ်ကျေးမှုကို ကလေးများသင်ယူခြင်း၏ အရေးပါမှုကို အလေးထား ပြောကြားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required