ဟောင်ကောင်၌ အမျိုးသားလုံခြုံရေးဥပဒေဖြင့် ရှေ့နေများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဂျာနယ်လစ်များကို ဖမ်းဆီးမှုမှာ စိုးရိမ်စရာဖြစ်ကြောင်း ကုလလူ့အခွင့်အရေး အကြီးအကဲ ပြောကြား

ဟောင်ကောင်၌ အမျိုးသားလုံခြုံရေးဥပဒေဖြင့် ရှေ့နေများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဂျာနယ်လစ်များကို ဖမ်းဆီးမှုမှာ စိုးရိမ်စရာဖြစ်ကြောင်း ကုလလူ့အခွင့်အရေး အကြီးအကဲ ပြောကြား

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ မီချဲလ်ဘက်ချလက်သည် ဟောင်ကောင်၌ အမျိုးသားလုံခြုံရေးဥပဒေဖြင့် ရှေ့နေများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဂျာနယ်လစ်များကို ဖမ်းဆီးခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ၆ ရက်ကြာ တရုတ်ခရီးစဉ်အပြီး မေ ၂၈ ရက်က ပြောကြားလိုက်သည်။

တရုတ်နိုင်ငံသည် ဟောင်ကောင်တွင် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က အမျိုးသားလုံခြုံရေးဥပဒေ ပြဌာန်းခဲ့ပြီး အတိုက်အခံ နိုင်ငံရေးသမားများနှင့် ထင်ရှားကျော်ကြားသော သတင်းထောက် ဒါဇင်ပေါင်းများစွာကို ပြင်းထန်လွန်းသော ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

“ဟောင်ကောင်နဲ့ပြင်ပမှာ လူ့အခွင့်အရေးကို မြင့်တင်ရေးနဲ့ကာကွယ်ရေးအတွက် ဟောင်ကောင်က အရပ်ဘက်အဖွဲ့အစည်းနဲ့ ပညာရှင်တွေအတွက် ကြီးမားတဲ့ အလားအလာကို မနစ်နာစေဘဲ ပြုစုပျိုးထောင်ပေးဖို့ အစိုးရအနေနဲ့ တတ်နိုင်သမျှ အားလုံးလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

အမျိုးသားလုံခြုံရေးဥပဒေအရ ရှေ့နေတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ အခြားသူတွေကို ဖမ်းဆီးတာဟာ အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်မှာ ဟောင်ကောင်အနေနဲ့ အဖွဲ့ဝင်ဖြစ်စေဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက ဇူလိုင်လမှာ ပြန်လည်သုံးသပ်သွားမှာပါ” ဟု ဘက်ချလက်က ဆိုသည်။

တရုတ်သည် ပြီးခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း မရေမတွက်နိုင်သော ခရစ်ယာန်ဘုန်းကြီးများနှင့် ဂိုဏ်းအုပ်ဆရာများကို ဖမ်းဆီး ထောင်ချသည့် သမိုင်းကြောင်းရှိသည်။

မကြာသေးမီက အသက် ၉၀ နှစ်အရွယ် ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်သည့် ကာဒီနယ်ဂျိုးဇက်ဇင်ကို ဖမ်းဆီးခဲ့ပြီး လုံခြုံရေးဝန်ကြီး ခရစ်တန်က ဖမ်းဆီးထိန်းသိမ်းမှုသည် ဗာတီကန်၏ တရားစီရင်မှုသဘောတရားနှင့် အညီဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ဟောင်ကောင်တွင် သတင်းစာပညာ ပါမောက္ခတစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုအရေးအသားများ ထုတ်ဝေရန် ပူးပေါင်းကြံစည်မှု စွဲချက်ဖြင့် ဖမ်းဆီးလိုက်ခြင်းသည် ပညာရှင်များနှင့် သတင်းထောက်များကို အနှောင့်အယှက်ဖြစ်စေပြီး မြို့တော်အာဏာပိုင်များက ၎င်းတို့အား ဆန့်ကျင်သောအသံများကို မည်သို့ဆက်လက်အပြစ်ပေးနေကြောင်း ပြသလျက်ရှိသည်။

ဟောင်ကောင်တက္ကသိုလ် (CUHK) သတင်းစာပညာကျောင်းမှ ကထိကနှင့် အတိုင်ပင်ခံတစ်ဦးဖြစ်သည့် အသက် ၅၄ နှစ်အရွယ် အယ်လန်အောကိုလည်း မြို့တော်အာဏာပိုင်များက ယခုနှစ် ဧပြီ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

တစ်ချိန်က သတင်းလွတ်လပ်ခွင့်၏ ခံတပ်ဖြစ်ခဲ့သော ဟောင်ကောင်သည် RFS ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် ညွှန်းကိန်းအရ ၂၀၀၂ တွင် အဆင့်၁၈ ရှိရာမှ ၂၀၂၀ ခုနှစ်တွင် အဆင့် ၈၀ အထိ ကျဆင်းသွားခဲ့သည်။ တရုတ်နိုင်ငံမှာမူ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၇ တွင် ရပ်တန့်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly