လွိုင်ကော်ဘူတာရုံမှ လူငယ်များကို စစ်ကောင်စီကပစ်သတ်ပြီး အကြမ်းဖက်သမားဟု သတင်းမှားဖြန့်

လွိုင်ကော်ဘူတာရုံမှ လူငယ်များကို စစ်ကောင်စီကပစ်သတ်ပြီး အကြမ်းဖက်သမားဟု သတင်းမှားဖြန့်

မေလ ၃၀ ရက်

ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ မီးရထားဘူတာရုံ၌ တပ်ဆင်ထားသည့်မှန်များအား ရိုက်ခွဲဖျက်ဆီးခဲ့ သည့် အကြမ်းဖက်သမားများအားဖမ်းဆီးအရေးယူပြီး တစ်ဦးအသေနှင့် ခြောက်ဦးအရှင်ဖမ်းမိသည့် သတင်းတစ်ခုကို မေလ ၂၈ ရက်နေ့က စစ်ကောင်စီ၏ ဝက်ဘ်ဆိုက်အပြင် ၎င်းတို့၏ ဝါဒဖြန့်ချန်နယ်များမှ ဖြန့်ဝေခဲ့သည်။ ထိုလူငယ်များမှာ အကြမ်းဖက်သမားများမဟုတ်ဘဲ သေဆုံးသူမှာ ဘူတာရုံအနီး လယ်ကွင်းအတွင်း နွား ကျောင်းနေသူဖြစ်ပြီးနှင့် ဖမ်းဆီးခံရသူများမှာ သာမာန်လူငယ်များသာ ဖြစ်ကြသည်။

အခင်းဖြစ်ပွားသည့် မေလ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် “မေလ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ကလူငယ်၂၀ ဦးမှ တုတ်၊ ဓားများကိုင်ဆောင်ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲက သွားရောက်ထိန်းသိမ်းစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦး အသေ၊ ခြောက်ဦးအရှင်ဖမ်းမိကြောင်း” ဟု ရေးသားဖြန့်ဝေထားသည်။

ထိုသတင်းကို News of Myanmar ဟူသည့် တယ်လီဂရမ်ချန်နယ်မှ စတင်ဖြန့်ဝေထားပြီး စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များဖြစ်သည့် Ko Khant, Kyaw Swar, Sitt Kell Gyi (စစ်ကဲကြီး), အလင်္ကာစစ်, သောင်းစိန် စသည့် ချန်နယ်များ၌လည်း ဖြန့်ဝေခဲ့ကြသည်။

ထို့နောက် စစ်ကောင်စီ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဝက်ဘ်ဆိုဒ်မှ မေလ ၂၈ ရက်နေ့တွင် “ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ မီးရထားဘူတာရုံ၌ တပ်ဆင်ထားသည့်မှန်များအား ရိုက်ခွဲဖျက်ဆီးခဲ့ သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူ” ဟု အကြမ်းဖက်သမားအဖြစ် သမုတ်ထားသည့် သတင်းခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။ ထိုသတင်းကိုပင် Np news သတင်းဌာနက မေလ ၂၈ ရက်နေ့က တစ်ဆင့် ပြန်လည်ဖော်ပြခဲ့သည်။

အဆိုပါ သတင်းဖြစ်စဉ်နှင့်ပတ်သက်၍ အချက်အလက်စစ်ဆေးခဲ့ရာ မေ ၂၇ ရက် ရက်စွဲဖြင့် “ လွိုင်ကော် တွင် ရန်ဖြစ်သည့်လူငယ်များကို ရဲကပစ်၍ တစ်ဦးသေ” ဟု Myanmar Now သတင်းဌာနက ဖော်ပြထား သည်။

၎င်းဖော်ပြချက်တွင် သေဆုံးသူမှာ လယ်ကွင်းထဲ၌ အချိန်ပြည့်နေသူဖြစ်ကြောင်း၊ နွားကျောင်းသည့်အပြင် ဂေါက်သီးလည်းကောက်ပေးကြောင်း ရေးသားထားသည်။

https://bit.ly/3zaUAue လင့်မှ ဝင်ရောက်ဖတ်ရှုနိုင်သည်။

ကရင်နီအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် ကန္တာရဝတီတိုင်း(မ်)မှလည်း မေလ ၂၈ ရက်နေ့တွင် အဆိုပါသတင်းအား ဖော်ထုတ်ရေးသားခဲ့ပြီး သေဆုံးသူမှာ နွားကျောင်းသားဖြစ်ကြောင်း ပါရှိသည်။

သတင်းဖတ်ရှုရန် လင့်ခ်မှာ https://bit.ly/3NJPJ7n ဖြစ်သည်။

မဇ္ဈိမအနေဖြင့် လွိုင်ကော်ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ မနက်ပိုင်းက ဘူတာရုံအောက် ထဲမှာ အရက်သမား‌တွေ ဖဲရိုက်နေကြတယ်။ အဲဒီကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ မှန်တွေဘာတွေ ရိုက်ခွဲသွားကြတယ်။ နေ့ခင်းလောက်ကျတော့ ကလေးတွေ တုတ်တွေဓားတွေနဲ့ ရန်ဖြစ်ဖို့ စုစုဖြစ်နေတာ တော့ မြင်လိုက်တယ်။ အဲ့ဒီနောက် အသက် ၂၅ နှစ်အရွယ် လူသုံးဦးလာပြီး ဖြန်ဖြေပေးတာကြောင့် ပြေ လည်သွားကြပြီးအပြန်မှာ ကားသုံးစီးရောက်လာပြီး အပစ်ခံရတာ။ သေသွားတဲ့သူက နွားကျောင်းသားပါ၊ မျက်နှာကိုမှန်ပြီးသေတာ” ဟု လွိုင်ကော်ဒေသခံမှ ပြောသည်။

ထို့အပြင် ကရင်နီပြည်နယ်တွင်း ဖြစ်ပေါ်နေသည့်သတင်းများကို ပုံမှန်တင်ဆက်နေသည့် JFK Page 3 (Job for Kayah) အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာမှ “ အသက်မပြည့်သေးတဲ့ (၁၀)-(၁၆)ကြား ကလေးတွေ အချင်းချင်း အချင်းများတဲ့ကိစ္စပါ။ ခိုက်ရန်လည်း မဖြစ်ပွားခဲ့ပါဘူး။ အဆင်ပြေလို့ လက်ဆွဲနှုတ်ဆက်ကြ ပြီး လယ်ကွင်းမှာရပ်နေချိန် အုပ်ကြီးအပါအဝင် စခတွေကားသုံးစီးနဲ့ ရောက်လာခဲ့ပါတယ်။ ကားပေါ်က ဆင်းတာနဲ့ ကလေးတွေကိုပစ်ခဲ့တာပါ။ ကလေးတွေမှာ ဘာအလံနီလည်းမပါသလို PDF နဲ့လည်း မသက် ဆိုင်ပါဘူး။ ဘူတာရုံကမှန်ကို ကလေးတွေက ရိုက်ခွဲတယ်ဆိုတာလည်း မဟုတ်ဘူး” (မူရင်းသတ်ပုံအတိုင်း) ဟု ရေးသားထား သည်။

အချက်အလက်များအားလုံးကို ပြန်လည်ခြုံငုံသုံးသပ်ရလျှင် စစ်ကောင်စီမှဝါဒဖြန့်ထားသကဲ့သို့ သေဆုံး သူသည် အကြမ်းဖက်သမားမဟုတ်ဘဲ နွားကျောင်းသားဖြစ်နေပြီး အဖမ်းခံရသည့် ကျန်လူငယ်များသည် စစ်ကောင်စီမှ ခေါ်ဝေါ်သမုတ်နေသကဲ့သို့ အကြမ်းဖက်သမားများမဟုတ်ကြောင်း သိရှိနိုင်သည်။

ကရင်နီပြည်နယ်သည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရာတွင် ရှေ့တန်းမှပါဝင်ခဲ့ သည့်ပြည်နယ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြားကျဆုံးခဲ့သည်။ ပြီးခဲ့သော ဇန်နဝါရီလက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းနှင့်လက်နက်ကြီးများဖြင့် အင်အားသုံး တိုက်ခိုက်ခဲ့ခြင်းကြောင့် ကရင်နီတပ်များ တပ်ဆုတ်ခဲ့ရသည်။

ယခုအခါ တိုက်ပွဲဖြစ်ချိန်က ထွက်ပြေးတိမ်းရှောင်ခဲ့သော မြို့ခံများ ပြန်လည်နေထိုင်နေကြပြီဖြစ်ပြီး စစ်ကောင်စီတပ်က အင်အားသုံးကာ နှိမ်နင်းမှုများပြုလုပ်နေခြင်းဖြစ်သည်။

http://www.mizzimaburmese.com/article/108192

#Misinformation_Buster

#လွိုင်ကော်ဘူတာရုံ

#စစ်ကောင်စီဝါဒဖြန့်သတင်းမှား

မဇ္ဈိမ၏ သတင်းဖတ်ရှုသည့် ပရိသတ်များအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများကို သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက်ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly