တန်နက်ဆီး ပြည်နယ်၌ ကျင်းပသည့် နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲ ကန်ဒေါ်လာ ၅၀,၀၀၀ ကျော်ရရှိ

တန်နက်ဆီး ပြည်နယ်၌ ကျင်းပသည့် နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲ ကန်ဒေါ်လာ ၅၀,၀၀၀ ကျော်ရရှိ

မေ ၃၀

အမေရိကန် ပြည်ထောင်စု တန်နက်ဆီး (Tennessee ) ပြည်နယ် ၊ နက်ရှ်ဗီးလ် (Nashville ) မြို့၌ မေလ ၂၉ ရက် နံနက် ၁၁ နာရီတွင် ကျင်းပသည့် နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲမှ အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကျော် (မြန်မာငွေ သိန်း ၁,၀၀၀ ဝန်းကျင်) ရရှိခဲ့သည်။

အဆိုပါ ရန်ပုံငွေရှာပွဲတွင် NUG အထူးငွေတိုက်စာချုပ် Bond ရောင်းချခြင်း၊ မြန်မာ အစားအစားများ ရောင်းချခြင်း နှင့် ကံစမ်းမဲ ဖောက်ခြင်း၊ ခွပ်ဒေါင်းမျိုးဆက်သစ် အဖွဲ့မှ နိုင်ငံရေး တေးသီချင်း ဖျော်ဖြေမှုဖြင့် အားဖြည့် ပါဝင်ခြင်း တို့ဖြင့် လုပ်ဆောင်ခဲ့ပြီး အမေရိကန်နိုင်ငံရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ လူဦးရေ ၃၀၀ ကျော် တက်ရောက်ကြောင်း ပွဲစီစဉ်သူ John Saw က ပြောသည်။

''တိုင်းရင်းသား လူမျိုးစုံ ပါဝင်တဲ့ 007 ရောင်းချပွဲနဲ့ Fund Raise ပွဲလေးမှာ အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကျော် (မြန်မာငွေ သိန်း ၁,၀၀၀ ဝန်းကျင်) ရောင်းချနိုင်ခဲ့ပါတယ်။ အရမ်း ထူးခြားတာက တိုင်းရင်းသား နာမည်တွေချည်း လိုလို တွေ့ရတဲ့ ပွဲပါပဲ။ တိုင်းရင်းသားတွေရဲ့ NUG အပေါ် ယုံကြည်ပေးမှုကို ခံစား ရမိစေတဲ့ ပွဲလေးအဖြစ် အမှတ်တရ ရှိနေဖြစ်မှာပါ "ဟု NUG ငွေတိုက်စာချုပ် တရားဝင် ကိုယ်စားလှယ် မပန်ဆယ်လိုက သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ယခု ကျင်းပသည့် နွေဦး တော်လှန်ရေး ရန်ပုံငွေ ရရှိသော ငွေအားလုံးကို အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် မြန်မာနိုင်ငံ ဖယ်ဒရယ် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး အသုံးပြုရန် ပေးပို့ လှူဒါန်း သွားမည် ဖြစ်သည်။

#Mizzima

#နက်ရှ်ဗီးလ်Nashville

#နွေဦးတော်လှန်ရေးရန်ပုံငွေပွဲ

#NUGအထူးငွေတိုက်စာချုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly