နီပေါနှင့် တရုတ်တို့၏ BRI စီမံကိန်းများ ၅ နှစ်ကျော်ကြာသည်အထိ တိုးတက်မှုမရှိ

နီပေါနှင့် တရုတ်တို့၏ BRI စီမံကိန်းများ ၅ နှစ်ကျော်ကြာသည်အထိ တိုးတက်မှုမရှိ

နီပေါနှင့် တရုတ်လက်မှတ်ရေးထိုးခဲ့သည့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းပဏာမသဘောတူညီချက်သည် ၅ နှစ် တာကာလကို ကျော်လွန်သွားခဲ့ပြီဖြစ်သော်လည်း BRI စီမံကိန်းများသည် နှစ်များစွာ ကြာသည့်တိုင် အကောင်ထည်ပေါ်လာသည်ကို မတွေ့ရကြောင်း Kathmandu Post သတင်းစာက ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ စတင်တာနှေးကွေးခဲ့ပါတယ်။ စီမံကိန်းတွေကို ရွေးချယ်ဖို့ အချိန်ယူခဲ့ပြီး ရွေးချယ်ထားတဲ့ စီမံကိန်းအရေအတွက်ကို ၃၅ ခုကနေ ၉ ခုအထိ လျော့ချလိုက်ပါ တယ်' ဟု နီပေါနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပရာဒစ် ဂါဝါလီက နီပေါတွင် BRI စီမံ ကိန်းများ မအောင်မြင်ရသည့် အကြောင်းရင်း များကို ပြောကြားခဲ့သည်။

'စီမံကိန်းအကောင်အထည်ဖော်မှုအစီအစဉ်နှင့် မူဘောင်ကိုလုပ်ဆောင်နေစဉ် ကပ်ရောဂါဖြစ်ပွားခဲ့သဖြင့် ဦးစားပေးတစ်ခုလုံးကို ပြောင်းလဲခဲ့ရသည်'ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ထို့ပြင် အချို့သော နိုင်ငံရေးနှင့် အယူဝါဒဆိုင်ရာ အကြောင်းပြချက်များသည် နီပေါတွင် BRI ၏ တိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟု The Kathmandu Post က ဖော်ပြခဲ့သည်။

BRI စီမံကိန်း အများစုကို ချေးငွေဖြင့် ဖော်ဆောင်ရသောကြောင့် နီပေါအစိုးရက စီမံကိန်းအရေအတွက်ကို ၃၉ ခုမှ ၉ ခုသို့ လျှော့ချခဲ့သည်။

'နီပေါက အတိုးနှုန်းနည်းပြီး ပြန်ဆပ်တဲ့ကာလ ကြာရှည်တဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့လို နိုင်ငံတကာအေဂျင်စီတွေဆီက ချေးငွေယူတဲ့ အတွေ့အကြုံရှိတာ ကြာပါပြီ' ဟု ထရစ်ဟူဗန်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဘဟာဒါ ကာကီက ပြောကြားခဲ့သည်။

“နီပေါက မြင့်မားသောအတိုးနှုန်းဖြင့် ချေးသော စီးပွားဖြစ်ချေးငွေများကို မတတ်နိုင်ပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

နိုင်ငံတကာအေဂျင်စီများသည် အများဆုံးအတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေပေးသော်လည်း စီးပွားဖြစ် ချေးငွေများ၏ အတိုးနှုန်းမှာ ၂ ရာခိုင်နှုန်းအထိ ရှိသည်။

နယ်စပ်ဖြတ်ကျော် မီးရထားလမ်းဖြစ်သည့် ဟိမဝန္တာဖြတ်ကျော် ဘက်ပေါင်းစုံ ချိတ်ဆက်မှု ကွန်ရက်သည် BRI ၏ အဓိက အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်ကြောင်း Kathmandu Post သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly