အိန္ဒိယနှင့် စင်ကာပူတို့က အကြမ်းဖက်ဝါဒကို ရှုတ်ချပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း အလေးထားပြောကြား

အိန္ဒိယနှင့် စင်ကာပူတို့က အကြမ်းဖက်ဝါဒကို ရှုတ်ချပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း အလေးထားပြောကြား

‌တရုတ်နှင့် စင်ကာပူနိုင်ငံတို့က အကြမ်းဖက်လုပ်ငန်းနည်းလမ်းပေါင်းစုံကို ပြစ်တင်ရှုတ်ချလိုက်ပြီး ယင်းကိစ္စများအား တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ထပ်မံ ကတိပြုလိုက်သလို အကြမ်းဖက် နှိမ်နှင်းရေးတွင် နိုင်ငံတကာက ပိုမိုပူပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်းလည်း အလေးထား ပြောကြားသည်။

‌စင်ကာပူနိုင်ငံတွင် မေ ၁၈မှ ၁၉ အထိ ကျင်းပခဲ့သော အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများဆိုင်ရာ အိန္ဒိယ-စင်ကာပူ ပူးတွဲ လုပ်ငန်းအဖွဲ့ (JWG) ၏ ၄ ကြိမ်မြောက်အစည်းအဝေးတွင် အကြမ်းဖက်လုပ်ငန်း နည်းမျိုးစုံ၊ အသွင်သဏ္ဍာန်မျိုးစုံတို့အပေါ် နှစ်နိုင်ငံစလုံးက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်သည်။

‌“မဟာဗျူဟာမြောက် မိတ်ဘက်များဖြစ်သည့် အိန္ဒိယနှင့် စင်ကာပူတို့က နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများ အပါအဝင် အကြမ်းဖက်မှု ပုံစံပေါင်းစုံကို ပြင်းထန်စွာ ရှုတ်ချသည်။ အကြမ်းဖက်နှိမ်နှင်းရေးတွင် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလိုအပ်ကြောင်းကိုလည်း အလေးထားပြောကြားသည်” ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဌာန(MEA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‌အဆိုပါ အစည်းအဝေးအား အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲ အတွင်းရေးမှူး မဟာဗီရာဆင်းဝီနှင့် စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူး ပူကောက်ခီယွန်တို့ သဘာပတိများအဖြစ် ဦးဆောင်ကျင်းပခဲ့ကြသည်။

နိုင်ငံအားလုံးအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် မိမိတို့၏ နယ်မြေပိုင်နက်များအား အသုံးပြုခြင်းမရှိစေရန် အမြန်ဆုံး ထိန်းသိမ်းဆောင်ရွက်ရေးနှင့် အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်သူများကို တရားစီရင်နိုင်ရေးအတွက် ဖမ်းဆီးပေးရန် အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်။

နိုင်ငံအဆင့်၊ ဒေသအဆင့်၊ ကမ္ဘာ့အဆင့်များတွင် အကြမ်းဖက် ခြိမ်းခြောက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှု၊ မူးယစ်မှောင်ခိုနှင့် အကြမ်းဖက်နှင့် နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုများအကြား ဆက်နွှယ်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly