ဖေဖော်ဝါရီ ၅ ။ ။ ထိုင်းနိုင်ငံ၏ အပန်းဖြေမြို့ဖြစ်သည့် ပတ္တရားမြို့တွင် ဖေဖော်ဝါရီလ ၄ ရက်က ဖဲကစားနေကြသူလူတစ်စုအား ထိုင်းရဲများက ရှောင်တစ်ခင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ နိုင်ငံခြားသား အများစု ဖမ်းဆီးခံခဲ့ရကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လောင်ကစားမှု တိုက်ဖျက်ရေးဆိုင်ရာ ထိုင်းရဲများ၏ ဝင်ရောက်စီးနင်းမှုတွင် ဗြိတိန်၊ ဆွီဒင်၊ နော်ေ၀ နှင့် သြစတြေးလျ နိုင်ငံသားများအပါအဝင် နိုင်ငံခြားသား သုံးဆယ့်နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။
၎င်းတို့အနေဖြင့် ငွေကြေးဖြင့် ကစားနေခဲ့ကြခြင်းမဟုတ်ကြောင်း ဖမ်းဆီးခံရသူများက ခုခံပြောဆိုသော်လည်း ၎င်းတို့ထံတွင် ဖဲချပ် အများအပြားလက်ဝယ်ရှိနေသည်ကို တွေ့ရှိရသည်။
လက်ရှိအချိန်တွင် ထိုင်းစစ်အစိုးရအာဏာပိုင်များသည် နိုင်ငံတွင် အကျင့်ပျက်ခြစားမှုနှင့် ပြစ်မှု အမှုအခင်းများကို နှိမ်နင်းတိုက်ဖျက်သွားမည်ဟု ပြောကြားထားသည်။
ယခု ဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများသည် နာရီပေါင်း ၁၂ နာရီကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ဖေဖော်ဝါရီ ၅ ဂရက်တွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသူများထဲတွင် အသက် ၈၄ နှစ် အရွယ် ဒက်ချ်အဘွားအိုတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ပြည်တွင်းသတင်းစာတစ်ခုက ဖော်ပြခဲ့သည်။
အကျင့်ပျက်မှု တိုက်ဖျက်ရေးစင်တာက သတင်းပေးတိုင်တန်းမှု တစ်ခုရရှိခဲ့ပြီးနောက် ယခုကဲ့သို့ ဖဲကစားနေကြသည့်နေရာကို ဝင်ရောက်စီးနင်း ခဲ့ခြင်းဖြစ်ကြောင်း ရဲများက ပြောသည်။