ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၂၀၀ ကျော်ထက်မနည်း ရှိလာ 

ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၂၀၀ ကျော်ထက်မနည်း ရှိလာ 
Photo - AFP

မေ ၂၆

မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားလေ့ရှိသော နိုင်ငံများ၏ ပြင်ပ၌ ကမ္ဘာအနှံ့ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားလာသည့်နှုန်းသည် ၂၁၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဥရောပသမဂ္ဂ ရောဂါဆိုင်ရာ အေဂျင်စီ၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။ 

မျောက်ကျောက်ရောဂါ ဖြစ်လေ့ဖြစ်ထမရှိဘဲ ယခုမှ ကူးစက်ဖြစ်ပွားလာနေသည့် နိုင်ငံများသည် ဥရောပ၌ အများစုအားဖြင့် တစ်ဒါဇင်ကျော် ရှိလာပြီဟု ဥရောပ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စင်တာ ECDC က ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ မှတ်ချက်၌ ဆိုထားသည်။ 

“မျောက်ကျောက်ရောဂါ ဖြစ်ပွားလေ့ရှိတဲ့ အနောက်နဲ့ အလယ် အာဖရိကကနေ ကူးစက်ပြန့်နှံ့မှု အချိတ်အဆက်မရှိဘဲ ဥရောပမှာ ကူးစက်မှု ကွင်းဆက်ဖြစ်ပေါ်နေတာဟာ ဒါ ပထမဆုံးပါပဲ”ဟု ယင်း မှတ်ချက်၌ ဆိုထားသည်။ 

ကူးစက်မှု အများစုသည် အမျိုးသားချင်း လိင်ဆက်ဆံသည့် လူငယ်အမျိုးသားများတွင် ဖြစ်ကြကြောင်း ယင်းမှတ်ချက်၌ ထပ်လောင်းဆိုသည်။ 

မျောက်ကျောက်ရောဂါ ထူးထူးခြားခြား ထွက်ပေါ်လာမှုကို မေလအစောပိုင်းက ပထမဆုံး တွေ့ရသည့် ဗြိတိန်တွင် လက်ရှိ၌ အတည်ပြုထားသော ကူးစက်မှုများ များပြားပြီး ၇၁ ဦးအထိ ရှိလာသည်။ 

ယင်းနောက်တွင် စပိန်က ၅၁ ဦးနှင့် ပေါ်တူဂီက ၃၇ ဦး ကူးစက်မှု ရှိထားကြသည်။ 

ဗုဒ္ဓဟူးနေ့အထိ စုစုပေါင်း ကူးစက်မှုနှုန်းသည် ECDC က ၃၈ ဦးအထိ ရှိသည်ဟု ဆိုသော မေ ၂၀ ရက် ပထမဆုံး ရေတွက်ချိန်ကထက် ငါးဆကျော် မြင့်တက်လာခြင်းလည်း ဖြစ်သည်။ 

အဆင့်ဆင့် ကူးစက်မှုဘေးကတော့ “အလွန် နည်းပါးကြောင်း” ECDC က ယခု သီတင်းပတ်အစောပိုင်းတွင် ပြောသော်လည်း လိင်ဆက်ဆံဖော်များသည် လူများတွင် ဘေးအန္တရာယ် ပို၍ များစွာ ရှိနေသည်ဟု သတိပေးသည်။ 

ကျောက်ရောဂါနှင့် နီးစပ်ဆင်တူမှုရှိသည့် မျောက်ကျောက်ရောဂါသည် အနောက်နှင့် အလယ် အာဖရိက ၁၁ နိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဒေသတွင်းရောဂါတစ်မျိုး ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly