လူ့အခွင့်အရေးကော်မရှင် ဖျက်သိမ်းသည့် တာလီဘန် ဆုံးဖြတ်ချက်ကို ကုလ လူ့အခွင့်အရေးအကြီးအကဲ ရှုတ်ချ

လူ့အခွင့်အရေးကော်မရှင် ဖျက်သိမ်းသည့် တာလီဘန် ဆုံးဖြတ်ချက်ကို ကုလ လူ့အခွင့်အရေးအကြီးအကဲ ရှုတ်ချ

အာဖဂန်နစ္စတန်နိုင်ငံတွင် လူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းလိုက်သည့် တာလီဘန်တို့၏ ဆုံးဖြတ်ချက် အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချဲလ် ဘက်ချ်လက်က ဝေဖန်ရှုတ်ချလိုက်ပြီး အာဖဂန်နစ္စတန်ရှိ လူ့အခွင့်အရေး အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

“အာဖဂန်နစ္စတန်နိုင်ငံရဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေး ကော်မရှင်ကို ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ တာလီဘန်တို့ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျွန်မ တုန်လှုပ်ခြောက်ခြားမိပါတယ်။ အာဖဂန်နစ္စတန်ရဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မရှင် (AIHRC) ဟာဆိုရင် နှစ်များစွာကြာ အင်မတန် ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ လုပ်ငန်းတွေကို ထူးထူးကဲကဲ ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ 

နောက်ပြီး ပဋိပက္ခရဲ့ ဘက်ပေါင်းစုံမှာ ဘေးဒုက္ခခံရသူတွေ အပါအဝင် အာဖဂန်ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးအတွက် မီးမောင်းထိုးပြခဲ့ပါတယ်” ဟု ဘက်ချ်လက်က မေလ ၁၉ ရက် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

AIHRC သည် လူ့အခွင့်အရေးအတွက် အားကောင်းသည့် အသံတစ်သံ ဖြစ်ခဲ့သလို ကုလ လူ့အခွင့်အရေး တာဝန်ရှိ သူများ၏ ယုံကြည်ရသော ပါတနာအဖွဲ့တစ်ခု ဖြစ်ခဲ့ကြောင်းနှင့် ယင်းကို ဆုံးရှုံးရခြင်းက အာဖဂန်နိုင်ငံသား အားလုံးနှင့် အာဖဂန် လူ့အဖွဲ့အစည်းအတွက် အလွန်တရာ ဆုတ်နစ်သော ခြေလှမ်းတစ်ခု ဖြစ်လိမ့်မည် ဖြစ်ကြောင်း သူမက ပြောသည်။

“အများပြည်သူဆီက တိုင်ကြားချက်တွေကို လက်ခံပေးနိုင်ပြီး စိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်လို့ အာဏာပိုင်တွေရဲ့ အာရုံစိုက်မှုရအောင် ယူဆောင်ပေးနိုင်မယ့် လွတ်လပ်တဲ့ လူ့အခွင့်အရေး ယန္တရားတစ်ခု ပြန်လည်ထူထောင်ဖို့ အရေးကြီးတယ်ဆိုတာကို ကျွန်မ ဒီနှစ် မတ်လတုန်းက ကဘူးလ်ကို သွားခဲ့တဲ့ ခရီးစဉ်အတွင်း အာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုခဲ့ပါတယ်” ဟု ကုလ လူ့အခွင့်အရေးအကြီးအကဲက ပြောသည်။

တာလီဘန်တို့ ဖျက်သိမ်းလိုက်သည့် AIHRC သည် ပြီးပြည့်စုံမှု မရှိခဲ့သော်လည်း တရားမျှတမှုကို တောင်းဆိုနိုင် မည့် နေရာတစ်ခု ရှိရန် အလွန့်အလွန် အရေးကြီးကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required