ပါကစ္စတန်နှင့် TTP အဖွဲ့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိနိုင်ရေး အာဖဂန်တာလီဘန်တို့ တွန်းအားပေးနေ

ပါကစ္စတန်နှင့် TTP အဖွဲ့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိနိုင်ရေး အာဖဂန်တာလီဘန်တို့ တွန်းအားပေးနေ

ပါကစ္စတန်စစ်တပ်၏ ပက်ရှာဝါတပ်မကြီးမှ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဖိုင့်ဇ် ဟာမိဒ် ဦးဆောင်သော ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့တစ်ခုသည် မေ ၁၆ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်သို့ ရောက်ရှိခဲ့ပြီး ပိတ်ပင် တားမြစ်ခံ ပါကစ္စတန်တာလီဘန်အဖွဲ့ (Tehreek-e-Taliban Pakistan-TTP) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိထားရကြောင်း အာဖဂန် ဂျာနယ်လစ်များနှင့် သတင်းရင်းမြစ်များက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သည့်ဘက်ကမှ တရားဝင် အတည်ပြုခြင်း မရှိသော်လည်း ယင်းသည် ပါကစ္စတန်အစိုးရနှင့် TTP အဖွဲ့အကြား သဘောတူညီချက် တစ်ရပ် ရစေရေး ကြားဝင်ညှိနှိုင်းရန် အာဖဂန်တာလီဘန်တို့၏ နောက်ထပ် တွန်းအားပေးလုပ်ဆောင်မှု တစိတ်တဒေသဖြစ်ကြောင်းကို သတင်းများက ညွှန်ပြလျက် ရှိသည်။

“ပက်ရှာဝါ စစ်တပ် တပ်မကြီးရဲ့ တပ်မှူး ဖိုင့်ဇ် ဟာမိဒ် နဲ့ သူ့ကိုယ်စားလှယ်အဖွဲ့တို့ဟာ တီတီပီအဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ ကဘူးလ်ကို ရောက်ရှိခဲ့တာပါ” ဟု အာဖဂန် ဂျာနယ်လစ် ဘီလ် ဆာဝါရီက တွစ်တာတွင် ရေးသည်။

ဟက်ကာနီ ကွန်ရက်က ကြားဝင်ညှိနှိုင်းပေးမှုနှင့်အတူ TTP နှင့် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်ကြီး ဖိုင့်ဇ် ကဘူးလ်၌ ရောက်နေသည်ကို ကဘူးလ်ရှိ တရားဝင် သတင်းရင်းမြစ်များနှင့် အုပ်စု၏ အဖွဲ့ဝင်များက VOA ကို အတည်ပြုသည်။

အယ်လ် ဂျာဇီးယား ဂျာနယ်လစ် ဆက်ဒက်ဖ် ချောက်ဒရီကလည်း ကဘူးလ်ရှိ ပုဂ္ဂလိက ဟိုတယ်တစ်ခု၏ ဧည့်သည်ဆောင်၌ ဗိုလ်ချုပ်ကြီး ဖိုင့်ဇ်ကို တွေ့မြင်ခဲ့သည်။

ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ (ISI) အကြီးအကဲ ဖြစ်ခဲ့ချိန်က ဗိုလ်ချုပ်ကြီး ဖိုင့်ဇ်သည် အမေရိကန်နှင့် အာဖဂန် တာလီဘန်တို့အကြား သဘောတူညီချက်တစ်ခုကို ကြားဝင်စေ့စပ်ရာတွင် အခရာကျခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်ကြီး ဖိုင့်ဇ် ကဘူးလ်တွင် ရောက်ရှိနေခဲ့ခြင်းက အာဖဂန် တာလီဘန်အဖွဲ့နှင့် ၎င်းအကြား နီးကပ်သော ဆက်ဆံရေးရှိမှုအပြင် အာဖဂန် တာလီဘန်တို့ကို ကိုင်တွယ်ဆက်ဆံရာတွင် ရှိထားသည့် ၎င်း၏ အတွေ့အကြုံတို့နှင့် သက်ဆိုင်နေပုံ ရသည်။

ပြီးခဲ့သည့်လများအတွင်း ပါကစ္စတန်၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ မြင့်တက်ထားခဲ့စဉ် ယခု ပိတ်ပင်တားမြစ်ခံ TTP နှင့် ပါကစ္စတန်အကြား ဆွေးနွေးမှုသတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly