မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို လိုက်လံမီးရှို့သည့်   စစ်ကောင်စီတပ်အား စစ်ဆင်ရေး ၂ ခုဖြင့် တိုက်ခိုက်၊ ၆ ဦးသေဆုံး 

မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို လိုက်လံမီးရှို့သည့်   စစ်ကောင်စီတပ်အား စစ်ဆင်ရေး ၂ ခုဖြင့် တိုက်ခိုက်၊ ၆ ဦးသေဆုံး 

မေ ၂၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို  ရွာစဉ်အလိုက် လိုက်လံမီးရှို့နေသည့် အင်အား ၁၀၀ ခန့်ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းအား စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း - MSPDF ဦးဆောင်သည့် ဒေသခံကာကွယ်ရေးတပ်များက မေလ ၂၄ ရက်တွင် စစ်ဆင်ရေးနှစ်ခုဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံး၍ နှစ်ဦးဒဏ်ရာအပြင်း အထန်ရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက်ပိုင်းတွင် ဖွားစောကျေးရွာကို မီးရှို့၍ အပြန် လှေတင်ဦးနှင့် ကူးတို့ကုန်းကျေးရွာကြားတွင် ကာကွယ်ရေးတပ်ဖွဲ့များမှ ဒရုန်းအသုံးပြုပြီး အီနာဂါဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် (၄) တပ်ရင်း- MSPDF အဖွဲ့ကထုတ်ပြန်သည်။

“သူတို့က ရွာကို မီးရှို့ပြီးထွက်လာတာပါ။ မနက် ၁၀ နာရီလောက်မှာ ရွာနှစ်ရွာကြားက  ယာခင်းတွေထဲ ဖြတ်လျှောက်ကြတာ။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့က ဒရုန်းနဲ့ အီနာဂါဗုံးသီး နှစ်လုံးချလိုက်တယ်ဗျာ။ အဲ့ဒါကတော့ သေနိုင် မသေနိုင်နဲ့  ဒဏ်ရာရမရကို ခန့်မှန်းလို့ မရသေးဘူးဗျ။ စုံစမ်းနေ တုန်းပဲရှိသေးတယ်” ဟုMSPDF အဖွဲ့ဝင် ကိုမုန်တိုင်းကပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ကောင်စီတပ်သည် လှေတင်ဦး ကျေးရွာသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် စစ်ကြောင်းမှူးပါဝင်သည့် အယောက် ၆၀ တစ်ဖွဲ့ ၊ အယောက် ၄၀ ခန့်ဝန်းကျင်ရှိသည့်တစ်ဖွဲ့ အဖွဲ့နှစ်ဖွဲ့ခွဲကာ ကူးတို့ကုန်းကျေးရွာသို့ထပ်မံဝင်ရောက်၍ နေအိမ် တစ်အိမ်ကို မီးရှို့ခဲ့ကြောင်း ကိုမုန်တိုင်းထံက သိရသည်။

အဖွဲ့နှစ်ဖွဲ့ခွဲ ထွက်လာသည့် စစ်ကောင်စီတပ်ကို ကူးတို့ကုန်းရွာမှတစ်ဆင့် မြောင်မြို့ပေါ်သို့အသွား လမ်းခုလတ် အရောက်  မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဒေသခံကာကွယ်ရေးတပ်များက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

“ကူးတို့ကုန်းကနေ မြောင်မြို့ပေါ်ကို ပြန်တဲ့အချိန်မှာ ကျွန်တော်တို့ မိုင်းဆွဲလိုက်တာဗျ။ အဲ့အချိန် ရှေ့ဆုံးက တက်လာတဲ့နှစ်ကောင်က တန်းလျှောသွားတာတွေ့တယ်။ စုစုပေါင်း ခြောက်ယောက်သေတာကတော့ မျက်မြင်ပဲ။ ဒါကို မြေပြင်က ကျွန်တော်တို့ ကင်းတွေလည်း တွေ့တယ်။ နောက်နှစ်ယောက်ကတော့ တော်တော်တော့ အပြင်းအထန်ဒဏ်ရာရတာရှိတယ်။ လိုက်ပွဲဖြစ်မဖြစ်ကတော့ ပြောလို့မရသေးဘူး”ဟု ကိုမုန်တိုင်းက ပြောသည်။

ဒေသခံကာကွယ်ရေးတပ်များသည် စစ်ကောင်စီစစ်ကြောင်းကို ပွိုင့်သုံးပွိုင့်ခွဲ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့သော်လည်း နှစ်ပွိုင့်မှာ မိုင်းခွဲမရဘဲ အယောက် ၄၀ ဝန်းကျင်အဖွဲ့ကိုသာ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် ထိုစစ်ကောင်စီစစ်ကြောင်းသည် မြောင်မြို့ပေါ်သို့ ပြန်လည်ရောက်ရှိနေပြီး မြို့ပေါ်တွင် မူလတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပေါင်းသွားပြီဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

အဆိုပါ စစ်ဆင်ရေးနှစ်ခုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း- MSPDF၊ Burmese Guerrilla Force- BGF၊ Natogyi Regional Defense Force၊ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း- 27 Revolution Force နှင့် မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း တို့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆင်ရေးနှစ်ခုဖြင့် တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းသည် မေလ ၈ ရက်နေ့မှစ၍ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ရွာစဉ်အလိုက် လိုက်လံမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖြစ်သည်။

#Mizzima
#မြောင်မြို့နယ်
#ကျေးရွာများ
#လိုက်လံမီးရှို့
#စစ်ကောင်စီတပ်
#တိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required