ပါကစ္စတန်၏ ပန်ဂျပ်နှင့် ဆင်းဒ်ပြည်နယ်တို့အကြား ရေခွဲဝေမှုပြဿနာကြောင့် တင်းမာမှုများ ဖြစ်ပေါ်

ပါကစ္စတန်၏ ပန်ဂျပ်နှင့် ဆင်းဒ်ပြည်နယ်တို့အကြား ရေခွဲဝေမှုပြဿနာကြောင့် တင်းမာမှုများ ဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံတွင် စိုးရိမ်ဖွယ်ရာ ရေရှားပါးမှုနှင့် ပူပြင်းသော အပူလှိုင်းတစ်ခုတို့ကို ကြုံတွေ့ရချိန် နိုင်ငံ၏ ရေအရင်းအမြစ်များ ခွဲဝေမှုနှင့်ပတ်သက်ပြီး ဆင်းဒ်နှင့် ပန်ဂျပ် ပြည်နယ်အကြား တင်းမာမှုများ ဖြစ်ပေါ် နေခဲ့သည်။

ချောလစ္စတန်၊ ထဲလ်နှင့် မျိုးနွယ်စု ဧရိယာများဖြစ်ကြသော ဒီရာ ဂါဇီ ခန် နှင့် ရာဂျန်ပူရ် အပါအဝင် ပန်ဂျပ်ပြည်နယ်၏ သဲကန္တာရ ဧရိယာများတွင် နေထိုင်မှုဘဝများက ကမောက်ကမဖြစ်ထားခဲ့ပြီး ဒေသခံများသည် ရေရှာရန် ပိုမိုစိမ်းလန်းသော စားကျက်မြေများနှင့် မြို့ပြအချက်အချာနေရာများသို့ ပြောင်းရွှေ့ကာ ၎င်းတို့၏ ကျွဲနွားတိရစ္ဆာန်များကို ကျောင်းနေရကြောင်း Dawn သတင်းစာက ဖော်ပြသည်။

မေလ၏ အစောပိုင်းရက်များအတွင်းက အပူလှိုင်းတစ်ခုကြောင့် သဲကန္တာရ ဧရိယာများတွင် အပူချိန်သည် ၅၀ ဒီဂရီ ဆဲလ်စီယပ်အထိ မြင့်တက်ခဲ့ပြီး ယင်းကို ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပျမ်းမျှ ၄၄ ဒီဂရီ ဆဲလ်စီယပ်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ အလားတူ အခြားသော ဒေသများတွင်လည်း အပူချိန်များသည် ၄၈ ဒီဂရီ ဆဲလ်စီယပ် အထိ မြင့်တက်ခဲ့ပြီး ယင်းကို ယခင် အလားတူကာလက ၄၀ ဒီဂရီ ဆဲလ်စီယပ်နှင့် နှိုင်းယှဉ်နိုင်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ယခင်နှင့်မတူဘဲ ချောလစ္စတန် ဒေသတွင် မတ်၊ ဧပြီ နှင့် မေလတို့တွင် မိုးရေမရဘဲ အဆုံးသတ်တွင် မိုးရေကန် များ ခန်းခြောက်ခြင်းကို ဖြစ်စေခဲ့သည်ဟု ယင်းသတင်းစာက ဖော်ပြသည်။

ပန်ဂျပ်ပြည်နယ်သည် ဧပြီ ၁၆ ရက်နောက်ပိုင်း ရေဝေစုအဖြစ် ဧကပေ (MAF) ၀ ဒသမ ၄ သန်းသာ ခွဲတမ်းရရှိခဲ့ပြီး ပြည်နယ်က ရရှိရမည့် ရေခွဲတမ်းပမာဏထက် လျော့နည်းနေကြောင်းနှင့် ယင်းက ရေအကျပ်အတည်းကို ပိုမို ဆိုးဝါးစေခဲ့ကြောင်း အိန္ဒုမြစ်စနစ် စီမံခန့်ခွဲမှုအဖွဲ့ (IRSA) အပေါ် ပန်ဂျပ်ပြည်နယ် ဆည်မြောင်းအာဏာပိုင်တို့က ပြစ်တင်ခဲ့သည်။

ထို့ပြင် ဆင်းဒ်ပြည်နယ်သည် ဧပြီ ၁၆ ရက်နောက်ပိုင်း ယင်း၏ ရေခွဲတမ်းထက် ပိုလွန်ပြီး ဧကပေ ၀ဒသမ ၆ သန်း ရခဲ့သည်ဟု ပန်ဂျပ်ပြည်နယ် ဆည်မြောင်း တာဝန်ရှိသူများက ယုံကြည်နေကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပန်ဂျပ်ပြည်နယ်သည် ဧပြီ ၁၆ နှင့် မေလ ၁၁ အကြားကာလတွင် ရရှိရမည့် ရေဝေစုထက် ၂၆ ရာခိုင်နှုန်းအထိ လျော့နည်းစွာ ရရှိခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဆင်းဒ်ပြည်နယ်ကမူ အဆိုပါ တူညီသော ကာလအတွင်း ယင်း၏ ရရှိရမည့် ရေဝေစုထက် ၇၇ ရာခိုင်နှုန်း ပိုပြီး ရရှိထားသည်ဟု ၎င်းတို့က ပြောသည်။

သို့သော် ဆင်းဒ်ပြည်နယ်မှ အရာရှိတစ်ဦး၏ ပြောဆိုမှုက ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပြီး အမှန်တကယ်တွင် ဆင်းဒ်ပြည်နယ် ရရှိရမည့် ရေဝေစုကို ပန်ဂျပ်ပြည်နယ် အသုံးပြုရန် မမျှမတ လမ်းကြောင်းလွှဲခံနေရသည်ဟု ထိုအရာရှိက ပြောသည်။

ထို့ပြင် ဆင်းဒ်ပြည်နယ်က ရရှိရမည့် ရေခွဲတမ်းကို အမှန်တကယ် ရရှိနေခြင်းမရှိသည့်အတွက် ထိုပြည်နယ်တွင် အမျက်ဒေါသများ ဖြစ်ပေါ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly