ပါကစ္စတန်၌ နိုင်ငံရေးသမားများအကြား စကားလုံးတိုက်ပွဲများက စစ်တပ်ဗိုလ်ချုပ်ကြီးများအပေါ် ဂယက်ရိုက်

ပါကစ္စတန်၌ နိုင်ငံရေးသမားများအကြား စကားလုံးတိုက်ပွဲများက စစ်တပ်ဗိုလ်ချုပ်ကြီးများအပေါ် ဂယက်ရိုက်

ပါကစ္စတန်တွင် မကြာသေးခင်က ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းနှင့် အခြား နိုင်ငံရေးသမားများအကြား စကားလုံးတိုက်ပွဲများ ထွက်ပေါ်လာခြင်းက စစ်တပ်အပေါ် ကသောင်းကနင်း ဖြစ်စေခဲ့သည်။

စစ်တပ်က ယင်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ကြိုးပမ်းမှုများကို ဆန့်ကျင်ကြောင်း ပြင်းထန်သည့် စကားလုံးများဖြင့် လူသိရှင်ကြား ပြောဆိုထားသော်လည်း အခြေအနေက လျော့ကျခြင်း မရှိခဲ့ပေ။

အီမရန် ခန်းက ပါကစ္စတန် စစ်တပ်၏ ပက်ရှာဝါ တပ်မကြီးမှ တပ်မှူးဖြစ်သူ ISI (ထောက်လှမ်းရေး) အကြီးအကဲဟောင်း ဒုဗိုလ်ချုပ်ကြီး ဖိုင့်ဇ် ဟာမစ်ကို ၎င်း၏ “မျက်စိနှင့် နား” ဆိုပြီး သုံးနှုန်းပြောဆိုခဲ့ခြင်းဖြင့် အရာအားလုံးက စတင်ခဲ့သည်။ ဟာမစ်သည် လက်ရှိ ဖြစ်နေဆဲ နိုင်ငံရေး ကသောင်းကနင်းဖြစ်မှု အခြေအနေတွင် အဓိက ပါဝင်နေသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ အီမရန် ခန်း ဝန်ကြီးချုပ်နေရာ တက်လှမ်းခဲ့ရာတွင် ဖိုင့်ဇ် ဟာမစ်က အဓိက စီစဉ်ပံ့ပိုးခဲ့သူဖြစ်သည်ဟု ဆိုကြသည်။

သို့သော် ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဘာ့ဂျ်ဝါက ဟာမစ်ကို အစ္စလမ်မာဘတ်နှင့် ဝေးရာတွင် ရှိနေစေချင်သည်။ အကြောင်းရင်းက စစ်တပ်ကို ဆန့်ကျင်ပြောဆိုထားခဲ့ဖူးသည့် ဂျာနယ်လစ်တစ်ဦးနှင့် ဟာမစ်တို့အကြား ဆက်ဆံရေးတစ်ရပ် ရှိခြင်းကြောင့် ဖြစ်သည်။ 

ထိုအနေအထားက ဟာမစ်၏ စစ်တပ်အကြီးအကဲ ဖြစ်နိုင်မည့် အခွင့်အလမ်းကို ထိခိုက်ထားစေနိုင်သည်။ သို့သော် ၎င်းသည် လက်ရှိတွင် စစ်တပ်အကြီးအကဲ ဖြစ်လာနိုင်ခြေ ရှိသူများထဲတွင် ပါဝင်နေဆဲဖြစ်သည်ဟု Islam Khabar က ဖော်ပြသည်။

အီမရန် ခန်း၏ ပြောဆိုချက် ထွက်ပေါ်ပြီးနောက် ၎င်းကို ဆန့်ကျင်သူများထံမှလည်း မလိုမုန်းထားသည့် ပြောစကားများ တရစပ် ထွက်ပေါ်ခဲ့သည်။ ဖိုင့်ဇ် ဟာမစ်သည် စစ်တပ်အကြီးအကဲ ဖြစ်မည့် အလားအလာ မရှိကြောင်း သမ္မတဟောင်း အဆစ် အလီ ဇာဒါရီက ချိုးနှိမ်စကား ဆိုခဲ့သည်။

အလားတူ စစ်တပ်အကြီးအကဲသည် ဝေဖန်မှုများ သို့မဟုတ် သံသယများနှင့် ကင်းလွတ်သည့် “အပြစ်အနာအဆာမဲ့ ဂုဏ်သတင်း” ရှိသူတစ်ဦးသာ ဖြစ်သင့်သည်ဟု PML-N ပါတီ၏ ဒုဥက္ကဋ္ဌ မာယမ် နာဝက်ဇ်က ပြောသည်။

စစ်တပ်အကြီးအကဲသစ် လွှဲပြောင်းတာဝန်ယူမှု မတိုင်မီ ရွေးကောက်ပွဲများ ကျင်းပနိုင်ခြေ ရှိသည်ဟု ကာကွယ်ရေးဝန်ကြီးဟောင်း ခါဝါဂျာ အဆစ်က ပြောသည်။

စကားလုံးတိုက်ပွဲ ဆက်ရှိနေစဉ် စစ်တပ်အနေဖြင့် အများပြည်သူ သဘောထားကို နားလည်သဘောပေါက်ခြင်း မရှိ ဆိုသည်မှာ ထင်ရှားပေါ်လွင်နေဟန်ရှိသည်။ ထို့ပြင် ဖိုင့်ဇ် ဟာမစ်ကို တိုက်ခိုက်ခြင်းက အိုက်စစ် (ISI) ကို တိုက်ရိုက် တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ ယင်းက ပါကစ္စတန် စစ်တပ်၏ အဓိက အစိတ်အပိုင်းကို ပစ်မှတ်ထားခြင်း ဖြစ်သလို ယင်း၏ အဓိက စွမ်းအား ဖြစ်သော အရပ်ဘက်အရေးကိစ္စတွင် ပါဝင်ပတ်သက်မှုအပေါ် ပစ်မှတ်ထားခြင်းဖြစ်ကြောင်း Islam Khabar က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly