ပြည်တော်သာ- ရေချမ်းပြင် ရထားခရီးစဉ် ကိုယ်တွေ့ (အယ်ဒီတာထံပေးစာ)

ပြည်တော်သာ- ရေချမ်းပြင် ရထားခရီးစဉ် ကိုယ်တွေ့ (အယ်ဒီတာထံပေးစာ)

မေလ ၂၄ ရက်

အယ်ဒီတာခင်ဗျာ

ဟိုတစ်နေ့က လူမူကွန်ရက် ဖေ့စ်ဘွတ်ပေါ်မှာ စစ်တွေ ပြည်တော်သာဘူတာကနေ ရေချမ်းပြင်ဘူတာကို ပြေးဆွဲတဲ့ရထားပေါ်က ဓာတ်ပုံတစ်ပုံကိုအကြောင်းပြုလို့ တော်တော်များများ စိတ်ဝင်စား ပြောဆိုငြင်းခုံနေတာတွေ့တော့ ကျွန်တော်လည်း ဖြစ်စဉ်အပေါ် စိတ်ဝင်စားလာခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် အဲဒီရထားကို ကိုယ်တိုင်လိုက်စီးခဲ့ပါတယ်။ အခုပြောပြမှာက အဲဒီခရီးစဉ်ရဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။

မနေ့က မေလ ၂၃ ၊ ကျွန်တော် ရထားဘူတာကို မနက် ၆နာရီ ၄၅ မိနစ်လောက်မှာ ရောက်သွားပါတယ်။ ကျွန်တော် မရောက်ခင် ကတည်းကကျောင်းသားတွေ ရောက်နေကြပါတယ်။ ရောက်တာနဲ့ လက်မှတ်သွားဝယ်တော့ မနက် ၇နာရီမှ လက်မှတ်ကောင်တာ စဖွင့်တယ်လို့ ပြောပါတယ်။

အစောကြီးရောက်နေတဲ့ ကျောင်းသူတစ်ဦးကို ကျွန်တော်က အကျိုးအကြောင်း မေးလိုက်တယ်။ မနက် ၇ နာရီကျော်ကျော်မှာ စထွက်တဲ့ရထားပေါ် ထိုင်စရာ နေရာရဖို့ မနက် ၆ နာရီ မိနစ် ၂၀ လောက် ကတည်းက လာပြီး နေရာဦးထားရတယ်လို့ သိခဲ့ရပါတယ်။

စကားပြောပြီး ခဏနေတော့ ရထားကောင်တာဖွင့်လို့ ကျွန်တော်လည်း လက်မှတ် တစ်စောင် ဝယ်လိုက်ပါတယ်။

ရထားတံခါး မနက် ၇ နာရီ ၁၀မိနစ်လောက်မှာ

စ ဖွင့်တော့ ကျွန်တော်လည်း ကျောင်းသား၊ ကျောင်းသူတွေနဲ့ အတူ ရထားပေါ် တက်လိုက်တယ်။

အရင်ရက်တွေက ရထားတစ်တွဲပဲ ထွက်ပေမယ့် အခုကတော့ ရထားနှစ်တွဲထွက်ပါတယ်။

ရထားက မနက် ၇နာရီခွဲမှာ စထွက်ပြီး အဲ့ကတည်းက ရထားနှစ်တွဲစလုံးမှာ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ အပြည့်ပါပဲ။

ရထားထွက်ပြီး သုံးမိနစ်အကြာ မူဆလင် ကျေးရွာရှိတဲ့ ဘုမေဘူတာမှာ ခဏရပ်တယ်။ အဲဒီဘူတာက ခရီးသည်တွေက ရထားပေါ်လိုက်လာကြတယ်။ နေရာရတဲ့ သူတွေက ထိုင်ခုံမှာထိုင်ကြရတယ်။ မရတဲ့သူတွေက ရပ်ပြီးလိုက်ကြရတော့တာပေါ့။

ရထားပေါ်မှာ နေရာမရတဲ့ ကျောင်းသား၊ကျောင်းသူတွေလည်း အများကြီးပါပဲ။ စစ်တွေကနေ ရေချမ်းပြင်အထိ ရထားလမ်းတစ်လျှောက် ခုနစ်ဘူတာရှိပါတယ်။

စစ်တွေမြို့ဘူတာ ၊ပြည်တော်သာဘူတာ၊ ဘုမေဘူတာ(မူဆလင်ကျေးရွာ)၊ဓားပိုင်ဘူတာ(မူဆလင်ကျေးရွာ)၊ သဲချောင်းဘူတာ(မူဆလင်ကျေးရွာ)၊ ဇောပူဂျာဘူတာ(မူဆလင်ကျေးရွာ)၊ နဇလီဘူတာ(မူဆလင်ကျေး ရွာ)၊ ရေချမ်းပြင်ဘူတာ(ရခိုင်ကျေးရွာ) တို့ဖြစ်ပါတယ်။

ရထားနှစ်တွဲမှာက ရခိုင်အများစုဖြစ်တဲ့ ကျောင်းသူ၊ကျောင်းသား ဦးရေ ၁၆၀ ကျော်လောက်ပါမယ်ထင်ပါတယ်။ မူဆလင်တွေလို့ထင်ရတဲ့ ခရီးသည်တွေလည်း လိုက်ပါလာတယ်။ လမ်းဘူတာတွေမှာ ဆင်းကြတာလည်း ရှိသလို၊ တက်လိုက်ကြတဲ့ သူတွေလည်းရှိပါတယ်။ မူဆလင်အမျိုးသမီးကြီးနှစ်ယောက်အတွက် ကျောင်းသားနှစ်ယောက်က နေရာဖယ်ပေးတာကို သတိထားမိပါတယ်။

ဒီလိုနဲ့ စစ်တွေမြို့၊ ပြည်တော်သာဘူတာကနေ ၇ နာရီခွဲက စထွက်လာတာ ရေချမ်းပြင်ဘူတာကို ၈နာရီခွဲမှာ ရောက်တယ်။

ဒီခရီးစဉ်မှာ ရထားဝန်ထမ်းတစ်ယောက်က မူဆလင်တွေကို ဆက်ဆံတဲ့အခါ အတော်ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပြောဆိုတာတွေရှိတယ်။ ဆဲဆိုတဲ့ အသုံးတွေလည်း ပြောတယ်။ အဲဒီတစ်ချက်က တကယ်ကို ဆိုးဆိုးရွားရွားပါပဲ။

ခရီးသည်တွေကြားမှာတော့ အရင်ရောက်သူက နေရာလွတ်ရှိရင် ဝင်ထိုင်ပြီး နေရာမကျန်တော့တဲ့အခါ မတ်တတ်ရပ်ရတာ အခြားဒေသတွေက ရထားခရီးသွားတွေနဲ့ အတူတူပဲလို့ ထင်မြင်မိပါတယ်။

ခရီးစဉ်မှာရိုက်ကူးခဲ့တဲ့ပုံတွေလည်း ပေးပို့လိုက်ပါတယ်။

ပြည်သူတစ်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly