ပါကစ္စတန် ပက်ရှာဝါမြို့၌ ဆစ်ခ်ဘာသာဝင် အမျိုးသား ၂ ဦး အသတ်ခံရမှု လူ့အခွင့်အရေးအဖွဲ့ ရှုတ်ချ

By The Print
21 May 2022
ပါကစ္စတန် ပက်ရှာဝါမြို့၌ ဆစ်ခ်ဘာသာဝင် အမျိုးသား ၂ ဦး အသတ်ခံရမှု လူ့အခွင့်အရေးအဖွဲ့ ရှုတ်ချ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ပက်ရှာဝါမြို့၌ ဆစ်ခ်ဘာသာဝင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်စဉ်အပေါ် ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင် (HRCP) က မေ ၁၅ ရက်တွင် ပြစ်တင် ရှုတ်ချလိုက်သည်။

ပက်ရှာဝါမြို့ရှိ ဘာတာ တဲလ် ဈေး၌ မေလ ၁၅ ရက် မနက်ပိုင်းက ဆစ်ခ်ဘာသာဝင် ဈေးဆိုင်ပိုင်ရှင် ၂ဦးကို မည်သူမည်ဝါ မသိရသော ရန်ပြုသူများက လာရောက်ပစ်သတ်သွားခြင်း ဖြစ်သည်။

ရန်ပြုသူများသည် ပစ်မှတ်ထား သတ်ဖြတ်မှုကို ကျူးလွန်ပြီးနောက် နေရာကနေ ထွက်ပြေး လွတ်မြောက် သွားသည်ဟု ဒေသရဲတပ်ဖွဲ့က ပြောသည်။

ရန်ပြုတိုက်ခိုက်သူများသည် ဆိုင်ကယ်စီးလာပြီး ဆစ်ခ်ဘာသာဝင် ၂ဦးကို ပစ်ခတ်ခဲ့ရာတွင် အဆိုပါ ၂ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း The Express Triune သတင်းစာက ဖော်ပြသည်။

နိုင်ငံတွင် ဘာသာရေး လူနည်းစု အစုအဖွဲ့များအပေါ် အကြမ်းဖက်မှုကို သည်းခံခွင့်လွှတ်မည် မဟုတ်ကြောင်းကို ပါကစ္စတန်အစိုးရဘက်က ရှင်းရှင်းလင်းလင်း ပြသရလိမ့်မည် ဖြစ်ကြောင်း လူ့အခွင့်အရေး ကော်မရှင်က ပြောသည်။

“ပက်ရှာဝါမှာ ဆစ်ခ်ဘာသာဝင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရတဲ့ဖြစ်စဉ်ကို လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြင်းထန်စွာ ရှုတ်ချတယ်။ ဒါဟာ ခိုင်ဘာ ပက်ခ်တွန်ခဝါမှာ ဆစ်ခ် အသိုင်းအဝိုင်းအပေါ် ပစ်မှတ်ထားတဲ့ ပထမဆုံး ဖြစ်စဉ် မဟုတ်ပါဘူး။ ကျူးလွန်သူ တရားခံတွေကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးအရေးယူဖို့ ခိုင်ဘာ ပက်ခ်တွန်ခဝါ ရဲဌာနကို မိမိတို့ တောင်းဆိုတယ်” ဟု ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင် (HRCP) က တွစ်တာတွင် ရေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly