ပါကစ္စတန်ရှိ ဘာလို့ချ်လူမျိုးစုဝင်များ ပျောက်ဆုံးနေမှုများကို စုံစမ်းစစ်ဆေးသည့် နော်ဝေနိုင်ငံသား လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခံခဲ့ရ

ပါကစ္စတန်ရှိ ဘာလို့ချ်လူမျိုးစုဝင်များ ပျောက်ဆုံးနေမှုများကို စုံစမ်းစစ်ဆေးသည့် နော်ဝေနိုင်ငံသား လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခံခဲ့ရ

ပါကစ္စတန်တွင် ဘာလို့ချ်လူမျိုးစုဝင်များ အဓမ္မ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေမှုဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန် ပါကစ္စတန်သို့ သွားရောက်ခဲ့သည့် နော်ဝေနိုင်ငံသား လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အာဆန် အာဂျီမန်ဒီသည် မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လူမဆန်ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။

“ကျွန်တော် ၂၀၀၉ ခုနှစ် ဇူလိုင် ၃၁ ရက်က ဘာလိုချီစတန်ကို ရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ပါကစ္စတန်အာဏာပိုင်တွေက ဘာလိုချီစတန်မှာ သွားလာလှုပ်ရှားမှုတွေအပေါ် ပိတ်ပင်ကန့်သတ်မှုတွေ ချမှတ် ထားခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ ကျွန်တော့် အလုပ်ကို မလုပ်နိုင်ခဲ့ပါဘူး” ဟု အာဂျီမန်ဒီက ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ကိုယ်တိုင် ပြန်လည်ပြောဆိုခဲ့ကြောင်း Global Media က ဖော်ပြသည်။

၂၀၀၉ ခုနှစ် ဩဂုတ် ၆ ရက်တွင် ၎င်းသည် မန်းဒ်မြို့မှ ကရာချိမြို့ သို့ ဘတ်စ်ကားစီးပြီး သွားခဲ့ပြီး ဩဂုတ် ၇ ရက် မနက်အစောပိုင်းတွင် ဘာလိုချီစတန်နှင့် ဆင်းဒ်ပြည်နယ်အကြားတွင် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု အာဂျီမန်ဒီက ပြောသည်။ နောက်ပိုင်းတွင် ၎င်းတို့ ဖမ်းဆီးသူများသည် ပါကစ္စတန် ထောက်လှမ်းရေး ISI အဖွဲ့ဝင်များဖြစ်ကြောင်းကို သိရှိခဲ့သည်ဟု ၎င်းက ပြောသည်။

“ကျွန်တော် ၅လကျော်လောက် ညှင်းပန်းနှိပ်စက်ခံခဲ့ရပါတယ်။ ကျွန်တော့်ကို သူတို့ ရိုက်နှက်ခဲ့ကြတယ်။ နောက်ပြီး ဇောက်ထိုးထား တွဲလောင်းချပြီး ကျွန်တော့်ခေါင်းကို ရေပုံးထဲ နှစ်ခဲ့ပါတယ်” ဟု အာဂျီမန်ဒီက ၎င်း ဆိုးရွားစွာ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည့် ဖြစ်စဉ်အသေးစိတ်ကို ပြောပြခဲ့သည်။

“ကျွန်တော့်ကို အနားမယူခိုင်းတာ၊ မအိပ်ခိုင်းတာတွေလည်း ရှိခဲ့တယ်။ ရေမပေးဘဲ ထားတာလည်း ရှိခဲ့တယ်။ ကျွန်တော့် ခြေသည်းတွေကို သူတို့ ဆွဲလှန်ခဲ့ကြတယ်။ သူတို့ ကျွန်တော့်ကို ငရုတ်သီးမှုန့်တွေ၊ ဓာတ်ဆီတွေနဲ့ လောင်းချခဲ့ကြတယ်။ ကျွန်တော့်ကို တစ်ချိန်လုံး သီးခြားခွဲထားခဲ့ပါတယ်” ဟု အာဂျီမန်ဒီက ပြောကြောင်း Global Media က ဖော်ပြသည်။

“သူတို့ဟာ ကျွန်တော့်ကို ၁၂ နှစ်ကြာ ထိန်းသိမ်းခဲ့ပါတယ်။ ကျွန်တော့်ကို အမှုဖွင့်တာလည်း မရှိခဲ့ဘူး။ ကျွန်တော့်ကို ဘယ်တရားရုံးကိုမှလည်း မတင်ခဲ့ဘူး။ ၂၀၂၁ ဩဂုတ် ၂၄-၂၅ မှာတော့ သူတို့ ကျွန်တော့်ကို ပြန်လွှတ်ပေးခဲ့တယ်။ နောက်ပြီး ကျွန်တော် ကြုံခဲ့ရတာတွေကို ဘယ်တော့မှ ထုတ်မပြောပါဘူးဆိုပြီး ရေးထားတဲ့ စာရွက်တစ်ရွက်မှာ အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့တယ်” ဟု အာဂျီမန်ဒီက ၎င်း၏ ထိတ်လန့်ဖွယ် အတွေ့အကြုံများကို ထုတ်ဖော်ခဲ့သည်။

ပြန်လွတ်လာခဲ့ပြီးနောက် ပါကစ္စတန်ကနေ ထွက်၍ မရနိုင်ခဲ့ကြောင်းနှင့် ၎င်း၏ ဗီဇာသက်တမ်း ကျော်လွန် နေခဲ့၍ ဖြစ်ကြောင်း အာဂျီမန်ဒီက ပြောခဲ့သည်။

ယနေ့အချိန်ကာလတွင်လည်း ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်တွင် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ဘာလို့ချ် လူမျိုးစုဝင် ထောင်နှင့်ချီတို့သည် လုံခြုံရေးတပ်ဖွဲ့များ၏ အတင်းအကျပ် ဖမ်းဆီးခြင်းကို ခံရပြီး ပျောက်ဆုံးနေမှုများ ရှိနေဆဲ ဖြစ်သည်။

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များ၏ နှောင့်ယှက်စော်ကားမှု၊ သတ်ဖြတ်မှု၊ အတင်းအကျပ် ဖမ်းဆီးဖျောက်ဖျက်မှု နှင့် ညှင်းပန်းနှိပ်စက်မှုတို့ကြောင့် ဘာလို့ချ် မျိုးနွယ်စုဝင်များထဲမှ ပညာတတ်အမျိုးသမီးများပင်လျှင် အသေခံဗုံးခွဲမှု အပါအဝင် တစ်မူထူးသည့် ဆန္ဒပြမှုများကို မတတ်သာသည့်အဆုံး လုပ်ဆောင်နေရသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required