ဖိလစ်ပိုင် ကူးတို့သင်္ဘော မီးလောင်မှု လူ ၇ ဦး သေဆုံး

ဖိလစ်ပိုင် ကူးတို့သင်္ဘော မီးလောင်မှု လူ ၇ ဦး သေဆုံး
Photo - AFP

မေ ၂၃

ဖိလစ်ပိုင်နိုင်ငံတွင် မေလ ၂၃ ရက်က ကူးတို့သင်္ဘောတစ်စင်း မီးလောင်မှု ဖြစ်၍ လူ ခုနစ်ဦးထက်မနည်း သေဆုံးပြီး လူအများအပြားကို ဘေးလွတ်ရာ ကယ်ဆယ်ပေးခဲ့ရကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့နှင့် မျက်မြင်တွေ့ရှိသူများက ပြောသည်။

ကူးတို့သင်္ဘောပေါ် မီးလောင်မှု ဖြစ်ပွားစဉ် ခရီးသည်များသည် သင်္ဘောပေါ်မှ ရေထဲ ခုန်ချမှုများလည်း ရှိခဲ့သည်ဟု သိရသည်။

ခရီးသည်များနှင့် အမှုထမ်း ၁၃၄ ဦးကို တင်ဆောင်ကာ ပိုလီလိုကျွန်းကနေ လူဇွန်ကျွန်းပေါ်ရှိ ကွီဇွန်ခရိုင် ရီးလ်မြို့သို့ ဦးတည် ထွက်ခွာလာသည့် Mercraft 2 ကူးတို့သင်္ဘောပေါ်တွင် ဒေသစံတော်ချိန် မနက် ၆ နာရီ ခွဲခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူ ခုနစ်ဦး သေဆုံးပြီး အခြား လူ ၁၂၇ ဦးကို ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အာမန်ဒို ဘာလီလိုက ပြောသည်။

ထို သင်္ဘောသည် ခရီးသည် ၁၈၆ ဦး တင်ဆောင်နိုင်ကြောင်း သိရသည်။

“ပေါက်ကွဲသံတစ်သံ ကြားခဲ့ရတယ်” ဟု အခြား ကူးတို့သင်္ဘောတစ်စင်းဖြင့် ခရီးသွားခဲ့သည့် အသက် ၁၈ နှစ်အရွယ် ကိုင်ဆဲလ် ပိုင်နီဒါက ပြောသည်။

“အဲဒီ သင်္ဘောကို လှမ်းမြင်ရချိန်မှာ သင်္ဘောပေါ်မှာ မီးတွေက လောင်နေပြီး ခရီးသည်တွေကလည်း ပင်လယ်ထဲမှာ ခုန်ချပြီး မျောနေတာကို တွေ့ခဲ့ရပါတယ်” ဟု အထက်တန်းကျောင်းသားက ပြောသည်။

Mercraft သင်္ဘောပေါ်ကနေ မီးခိုးမည်းလုံးကြီးများ တစ်လိပ်လိပ် တက်နေပြီး မီးတောက်များက သင်္ဘောတစ်စင်းလုံးကို ဖုံးလွှမ်းနေခဲ့သည်ကို ကမ်းခြေစောင့်တပ်က ဝေမျှခဲ့သည့် ဓာတ်ပုံများတွင် မြင်တွေ့ရသည်။

အသက်ကယ် ဘောကွင်းများ၊ အသက်ကယ် အင်္ကျီများဖြင့် လူများသည် ရေထဲတွင် မျောနေခဲ့ပြီး အချို့ကို အခြား သင်္ဘောများက ကယ်တင်ပေးခဲ့သလို အချို့သည်လည်း လေသွင်းလှေများပေါ် ကုပ်တွယ်တက်ခဲ့ကြရသည်။

မီးသည် အင်ဂျင်ခန်းကနေ စလောင်ခဲ့ပုံရသည်ဟု ဘာလီလိုက ပြောသည်။ စုံစမ်းစစ်ဆေးရေးအရာရှိအဖွဲ့တစ်ခုက ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရန် ပြင်ဆင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly